ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၁၊၂၀၂၅
တောင်ကြီးမြို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးသည့်ရုံးမှဝန်ထမ်းများသည် ပတ်စ်ပို့ PJ မှ PVပြောင်းရန်နှင့် သက်တမ်းတိုးရန်ပြုလုပ်သည့် ပအိုဝ်းအမျိုးသမီးကို ငွေ ၆ သိန်းတောင်းခံ၍ အခက်ခဲကြုံတွေ့နေရကြောင်းသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့အတွင်း ပတ်စပို့ရုံးတွင် ပတ်စ်ပို့ PJ မှ PVပြောင်းရန်နှင့် သက်တမ်းတိုးရန် စစ်ကောင်စီမှ ၂၀၂၃ ခုနှစ် ပြဌာန်းထားသည့်ဝင်ငွေခွန်အကြောင်းပြကာ ပတ်စပို့သက်တမ်းတိုးသူများထံ အခကြေးငွေ တောင်းယူမှုများကြုံတွေ့နေရကြောင်း ကြုံတွေ့သူထံ သိရသည်။
“ကျမအဒေါ်က သူ PJ ကနေ PV လာပြောင်းတာ စာအုပ်ထဲမှာ ထိုင်းနိုင်ငံကို အထွက် ၂ ခါပြထားတော့။ လစာဘယ်လောက်ရလဲ။ ဘဏ်စာအုပ်ပြလို့ပြောတယ်။ ကျမအဒေါ်ကလည်း ဘဏ်စာအုပ်မရှိဘူး။ ရုံးက ဘဏ်စာအုပ်ပါမှ လုပ်ပေးမယ်ပြောတယ်။ မဟုတ်ရင် ၆ သိန်းပေးရင်ရတယ်လို့ပြောတယ်“ဟု ပတ်စပို့သက်တမ်းတိုးသူနှင့် နီးစပ်သူကပြောသည်။
ထိုအမျိုးသမီးသည် ငွေ ၆ သိန်းအတွက် မပေးနိုင်၍ ပတ်စပို့သက်တမ်းတိုး မပြုလုပ်ရဘဲ ပြန်လာခဲ့ရကြောင်းသိရပါသည်။
ထိုအပြင် ထိုအမျိုးသမီးသည် တောင်ကြီး စုပေါင်းရုံး အခွန်ဦးစီးဌာနရုံးတွင် ပတ်စပို့သက်တမ်း တိုးရန်အတွက် အခွန် ၅ သောင်း သွားဆောင်ခဲ့သည့် အပြင် တိုကင်ဖိုး ၄ သောင်းနှင့် ဖောင့်ဖြည့်ခ တစ်သောင်းလည်း ကုန်ထားကြောင်းသိရပါသည်။
“သူကုန်တာက အခွန်ဦးစီးရုံးကို ၅ သောင်းပေးပြီးပြီ အဲတာလည်းမရဘူး၊ တိုကင်တင်တာက ၄ သောင်း၊ ဖောင်ဖြည့်ခက ၁ သောင်း စုစုပေါင်း ၁ သိန်းကုန်ထားပြီးပြီ အဲတာကို စာအုပ်မလုပ်ပေးဘူး။ တအားရစ်တာပဲ” ဟု၎င်းကဆက် ပြောသည်။
ပတ်စပို့လာပြောင်းသည့် ပအိုဝ်းအမျိုးသမီးသည်ထိုင်းနိုင်ငံကို လွန်ခဲ့သည့် ၂၀၂၀ ခုနှစ်အချိန်ကသွားထား သည့် မှတ်တမ်း ၁ နှစ် သာရှိခဲ့ကြောင်းသိရသည်။
၂၀၂၁ စစ်တပ်အာဏာ သိမ်းပြီးနာက် ၂၀၂၃ ခုနှစ်တွင် အခွန်ကောက်ဥပဒေကိုစစ်ကောင်စီက ပြင်ဆင်ခဲ့ပြီး ၂၀၂၃ အောက်တိုဘာလတွင် စတင်ပြီး နိုင်ငံခြားရောက်ရွေ့ပြောင်းလုပ်သားများအပေါ် ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ရန် ပြဌာန်းခဲ့ကြောင်းသိရသည်။
#PPV010
#Humanright
#passport
#လဝက
#Taunggyi
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။