ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၈၊ ၂၀၂၅

ကျောက်မဲမြို့ကို စစ်ကောင်စီမှ မကြာခဏ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြုလုပ်‌နေပြီး ဒေသခံများ ထိခိုက်သေဆုံးမှုရှိကာ ထပ်မံပြီး လေကြောင်း တိုက်ခိုက်လာမည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်ပူပန် နေကြကြောင်း ဇန်နဝါရီ ၂၈ ရက်တွင် စုံစမ်းသိရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့တွင် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုကို ရှောင်နိုင်ရန် ဒေသခံများက အခြားဒေသသို့ စစ်ရှောင်ရန်အတွက် အဆင်မပြေကြသူများစွာ ရှိနေပြီး လေကြောင်းဖြင့် ထပ်မံတိုက်ခိုက်မည်ကို စိုးရိမ်ပူပန်မှု များရှိနေသည်။

” အရင်က ရှမ်းတောင်မှာ စစ်ရှောင်ခဲ့တယ်။ စုဆောင်းထားသမျှ အကုန်ကုန်ပြီ၊၊ ပိုက်ဆံရှိတဲ့သူတွေကျ ဘယ်ရှောင်ရှောင် ရှောင်လို့ရတယ်။ မရှိတဲ့သူက တနေ့တနေ့စားဖို့တောင် ခက်ခဲလှပါပြီ။ အခုပြန်ရောက်လာကြတာ မကြာသေးဘူး။ ထပ်ပြီး ဗုံးကျဲခံရတယ်။ လေကြောင်းက ထပ်လာအုံးမယ်တဲ့ ပြောနေကြတာ။ တခြားဒေသကို ထပ်ရှောင်ဖို့က ဘာမှမရှိတော့ဘူး။ ငိုယိုပြီး ကူကယ်ရာမဲ့နေသူ တစ်ပုံကြီးဗျာ” ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဇန်နဝါရီ(၂၅)ရက်တွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျောက်မဲမြို့ ပြည်သူ့ဆေးရုံကို ဗုံးကျဲတိုက်ခိုက်မှုကြောင့် CDM ဆရာမ (၁)ဦးအပါဝင်(၃)ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူများစွာ ရှိကြောင်း သိရသည်။

ထို့အပြင် ဇန်နဝါရီ(၂၇)ရက်မှာလည်း စစ်ကောင်စီမှ ထပ်မံ‌ဗုံးကျဲ တိုက်ခိုက်မှုကြောင့် အမျိုးသား(၁)ဦး ခေါင်းပြတ်ထွက် သေဆုံးခဲ့ရပြီး အမျိုးသမီး(၂)ဦး ပြင်းထန်ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။

PPV0011
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ကျောက်မဲမြို့
#လေကြောင်းဖြင့်ဗုံးကျဲတိုက်ခိုက်
#ထိခိုက်သေဆုံးမှုရှိ
#ထပ်မံပြီးလေကြောင်းတိုက်ခိုက်လာမည်
#စိုးရိမ်ပူပန်နေကြ