ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၇၊၂၀၂၅

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင် ခိုလှုံနေသော စစ်ဘေးရှောင် စခန်းများကို မတ်လကုန် ပိတ်သိမ်းမည် အကြောင်းကြားသဖြင့် လွိုင်ကော်စစ်ရှောင်များ အခက်တွေ့ နေရကြောင်း စစ်ဘေးရှောင် ပြည်သူများထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်းရှိ စစ်ဘေးရှောင် စခန်းများကို စာမေးပွဲ ဖြေပြီးနောက် မတ်လကုန် (၂၅) ရက်မှ (၃၁) ရက် အတွင်းအပြီး ပိတ်သိမ်းသွားမည် ဖြစ်ကြောင်း သက်ဆိုင်ရာအာဏာပိုင်များက အသိပေးထားကြောင်း သိရသည်။

“ဖယ်ခိုင်းတာတော့ မဟုတ်ဘဲ စစ်ရှောင် စခန်းတွေ မထားတော့ဘူးပေါ့ ။ အဲလိုပြောတယ်။ လွိုင်ကော်ဘက်မှာ လည်း စိတ်ချရတဲ့ အခြေအနေ မရှိတော့ ဘယ်သူမှ မသွားချင်ဘူးလေ။ ”ဟု စစ်ဘေးရှောင် ပြည်သူ တစ်ဦး ကဆိုသည်။

ညောင်ရွှေမြို့နယ်တွင် စစ်ဘေးရှောင် စခန်းပေါင်း (၈) ခု ရှိကာ ကယားပြည်နယ်မှ နေရပ်ရှောင် ပြည်သူများ တစ်ထောင်နီးပါး ကျန်သေးကြောင်း သိရသည်။

စစ်ဘေးရှောင် ပြည်သူ အခြားတစ်ဦးက “ဘယ်သူမှ အိမ်မပြန်ရဲကြဘူးလေ။ လုံခြုံမှုလည်း မရှိဘူး။ အိမ်တွေ လည်းမီးလောင်လို့ နေစရာလည်းမရှိတော့ဘူး။ အိမ်ထဲမှာလည်း မိုင်းတွေနဲ့ မနေရဲတော့ဘူး။ အေးချမ်းတဲ့ နေရာမှာပဲ နေချင်တယ်။ ဘယ်သူမှ မပြန်ချင်ကြဘူး”ဟု ဆိုသည်။

တောင်ကြီးမြို့နယ်တွင်လည်း ဘေးလွတ်ရာ နေရာများတွင် မှီတင်းနေထိုင်ကြခြင်း ရှိကြောင်း သိရသည်။

စစ်ဘေးရှောင် ပြည်သူများသည် အချိန်ကာလ ကြာမြင့်လာသည် နှင့် စားဝတ်နေရေး လိုအပ်ချက်များ ရှိကြောင်း သိရသည်။

#PPV-006
#Humanright
#စစ်ရှောင်
#ညောင်ရွေမြို့နယ်