ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၆၊ ၂၀၂၅
ရှမ်းပြည်တောင်ပိုင်းရောက် စစ်ဘေးရှောင် ပြည်သူများ စားဝတ်နေရေးအတွက် အလုပ်အကိုင် အခက်အခဲများ ရှိနေကြောင်းစစ်ဘေးရှောင်များထံ သိရသည်။
တောင်ကြီးမြို့နယ် ကျေးရွာများအတွင်း မှီတင်းနေထိုင်ကြသော နေရပ်စွန့်ခွာ စစ်ဘေးရှောင် ပြည်သူများသည် ၃ နှစ် နီးပါး ကြာမြင့်လာပြီ ဖြစ်ခြင်းကြောင့် အခက်အခဲ မျိုးစုံရင်ဆိုင်ကျော်ဖြတ်ခဲ့ရကြောင်း ဆိုသည်။
ထို ၃ နှစ်တာ ကာလအတွင်း လိုအပ်ချက် အခက် အခဲ ပေါင်းများစွာ တို့ကို စိတ်ဓါတ်မကျတမ်း အားတင်း ကျော်ဖြတ်ခဲ့ရကြောင်း ကရင်နီ ဒေသ (ကယားပြည်နယ်) ဘက်မှ ပြောင်းရွှေ့လာသော ကယန်း တိုင်းရင်းသား များက ဆိုသည်။
“စစ်ဘေးရှောင် အများစုက အလှူရှင်ကို မျှော်နေကြတာပေါ့။ ဘာပဲပြောပြော လိုအပ်ချက်များတယ်လေ။ သွားတိုက်ဆေး၊ ဆပ်ပြာလေး ပေးလိုက်ရင်ကိုပဲ ရင်ထဲမှာ ပီတိဖြစ်ပြီး ပျော်နေတာပဲ။ တို့ အားလုံးရဲ့ ဘ၀မှာ အများကြီး ဆုံးရှုံးခဲ့ရပြီလေ။ မျှော်လင့်ချက်မဲ့ ဘ၀မှာမျှော်မိကြတာ အပြစ်မဆိုသာဘူးပေါ့။”ဟု နေရပ်စွန့်ခွာသူ စစ်ရှောင် တစ်ဦးက ဆိုသည်။
တောင်ကြီးမြို့နယ် ရှိ တောင်ကြီးမြို့၊ အေးသာယာမြို့၊ ရွှေညောင်မြို့တို့တွင် အများစု လားရှိုးမြို့ ၊ ဆီဆိုင်မြို့ နှင့် ကယားပြည်နယ် စစ်ဘေးရှောင် ပြည်သူအများအပြား စစ်ဘေးရှောင်စခန်းများ ဖွင့်လှစ်ခိုလှုံ နေထိုင်ကြသည်။
အေးသာယာမြို့တွင် ကယားပြည်နယ်မှ ပြောင်းရွေ့လာသူများ ရှိသလို ၊ ရွှေညောင်မြို့ တွင်လည်း လားရှိုးမြို့မှ ရွေ့ပြောင်းလာသော စစ်ဘေးရှောင် အများစု ရှိကြောင်း သိရသည်။
အဆိုပါ လားရှိုး ဒေသခံ နေရပ်စွန့်ခွာသူများသည် အစားအသောက်များ ရောင်းချခြင်းဖြင့် အသက် မွေးဝမ်းကြောင်း ရှာဖွေ လုပ်ကိုင်ရခြင်းဖြစ်ကြောင်း စားစရာ ရောင်းချသူ ဆိုင်ရှင်တစ်ဦးကဆိုသည်။
ကရင်နီ(ကယား)ပြည်နယ်နှင့် မိုးဗြဲ၊ ဖယ်ခုံ ဘက်မှ စစ်ဘေးရှောင်အများစုသည် ဒီမော့ဆို၊ ဖယ်ခုံ နယ်စပ်တွင် လူဦးရေ တစ်သိန်းခန့် နေထိုင်ခြင်း ရှိကြောင်း ၊စစ်ဘေးရှောင် အများစုမှာ စားနပ်ရိက္ခာ ၊ ဆေးဝါး ၊ အသုံးအဆောင် များ လိုအပ်ချက် များပြားပြီး ၊ ၃ နှစ် ကျော်ကာလ ကြာမြင့်လာသဖြင့် အလှူရှင်များနည်းပါးလာနေကြောင်း သိရသည်။
တောင်ကြီးမြို့ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ဘုရားဖြူ၊ ကံကြီး ရပ်ကွက်များ၊ တောင်ကြီးမြို့နယ်ရှိ (စေတီကုန်း) ညိုမီး ၊ တံတားမီးလောင်ရွာ ၊ နားဘောင်ဒေသနှင့် ဖာမွန်းကျေးရွာ အုပ်စုတို့တွင် စစ်ဘေးရှောင် အများအပြား မှီတင်းနေထိုင်ခြင်း ရှိကြောင်း သိရသည်။
ထို စစ်ဘေးရှောင်များသည် နေ့စားအလုပ်များ ၊ ကြုံရာ ကျပန်း အလုပ်များ ဝင်ရောက်လုပ်ကိုင်ရင်း ဝမ်းရေး ဖြေရှင်းရကြောင်း၊ တချို့ အိမ်ထောင်စုများသည် မြို့ပေါ်သို့ သွားရောက် အလုပ်လုပ်ကိုင် လိုသော်လည်း ဆိုင်ကယ် မရှိသဖြင့် သွားရေး လာရေး အခက်အခဲ ရှိသဖြင့် အလုပ်အကိုင် အခွင့်အ လမ်း မျှော်လင့်ချက် နည်းပါးကြောင်း ကြား သိရသည်။
#PPV-006
#humtarian
#စစ်ရှောင်
#Taunggyi