ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၆၊၂၀၂၅

PNO ပြည်သူ့စစ် တပ်ခွဲ(၉) စခန်းရှိသည့် ကျောင်းတောရွာကို SSPP စစ်သားများ အလုံးအရင်းဝင်ရောက်လာ ၍ တိုက်ပွဲဖြစ်ပွားမည်ကို ဒေသခံများ စိုးရိမ်နေကြောင်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် နန်းဟောင်းမွေတော်အုပ်စု ကျောင်းတောရွာကို SSPP တပ် အင်အား ၁၀၀ ကျော်ဖြင့် ဇန်နဝါရီ ၂၀ ရက်က အလုံးအရင်း ဝင်ရောက်လာပြီး သေနတ်သံများလည်း ကြားနေရကြောင်း ဒေသခံပြောပြချက်အရ သိရသည်။

‘’ရွာသားတွေက ဘာမှမသိဘူး ကြောက်နေကြတယ်၊ ရွာထဲတိုက်ပွဲဖြစ်ပွားမှာစိုးရိမ်တယ်၊ ဘန်ကွဲရွာအနီးမှာ စခန်းလာချတဲ့ SSPP တပ်တွေနား ဘယ်အဖွဲ့လည်းမသိဘူ ဒရုန်းဗုံးချလိုဆိုပြီး လာမေးကြတယ်။”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ထို့အပြင် တောင်ကြီးမြို့နယ် နောင်ကျဉ်းရွာနှင့် ဟိုပုံးမြို့နယ် နမ်းခလောက်ရွာတွင် လူငယ်များကိုလည်း လိုက်လံဖမ်းဆီးနေကြကြောင်း ဒေသခံပြောပြချက်အရသိရသည်။

‘’အသက် ၅၀ အထက်ဆို ပြန်ရွေးလို့ရတယ်၊ လူငယ်ဆိုပြန်ရွေးလို့မရဘူး စစ်မှုထမ်းခိုင်းတယ်၊ မိုင်းပျဉ်း ဖာလဲဘက်မှာလည်း တောက်လျှောက်ဖမ်းဆီးတယ်၊ သတင်းပေးရဲတဲ့သူမရှိဘူး၊ မီဒီယာပေါ်မှာလည်း သတင်းမတက်ဘူး” ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

တောင်ကြီးမြို့နယ်၊ ရပ်စောက်မြို့နယ်၊ ဟိုပုံးမြို့နယ် အစပ်တွင် SSPP တပ်က စခန်းလချပြီး ဒေသခံပြည်သူလူထု အပေါ် ဆက်ကြေးကောက်ခြင်း၊ ရွာဝင်ရွာထွက် အခွန်ကောက်ခြင်းများလည်း ပြုလုပ်နေကြောင်း ဒေသခံများထံ သိရသည်။

#ppv002
#တိုက်ပွဲ
#ကျောင်းတော
#Taunggyi
#SSPP