ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၅၊ ၂၀၂၅
နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် အရေးပေါ် အခြေအနေဟုဆိုကာ တနိုင်ငံလုံးရှိ အရွယ်ရောက်ပြီးသူအားလုံးနှင့် Non-CDM ဝန်ထမ်းများ စစ်မှုထမ်းရန် စစ်ကောင်စီကအမိန့် ထုတ်ပြန်လိုက်သည်။
စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေ အခန်း(၁၀)ခန်းပါ နည်းဥပဒေ ပြဌာန်းချက် (၅၉)ခုပါပြီး ပုံစံ(၁၂)ခု ပါဝင်သော စစ်မှုထမ်းနည်း ဥပဒေကို (၂၀၂၅)ခုနှစ် ဇန်နဝါရီလ (၂၃)ရက်စွဲဖြင့် တရားဝင် ထုတ်ပြန်ထားသည်။
ထိုဥပဒေတွင် အမျိုးသမီးများပါ စစ်မှုထမ်းရမည် ဖြစ်ပြီး စစ်မှုထမ်းစာရင်း ဝင်နေသော လူငယ်များ ကို နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်ခွင့်ပိတ်ပင်ခြင်းလည်း ပါဝင်သည်။
အခန်း(၁)တွင် အမည်နှင့် အဓိပ္ပယ်ဖွင့်ဆိုချက်၊ အခန်း(၂)တွင် ပြည်သူ့စစ်မှုထမ်းရန် အသက်နှင့်ကာလ၊ အခန်း(၃)တွင် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းခြင်း တာဝန်များ၊ အခန်း (၄)စစ် မှုထမ်း စာရင်းပြုစုခြင်းနှင့် မှတ်ပုံတင်ခြင်း၊ အခန်း(၅) ဆေးစစ်ခြင်း စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့် လျှောက်ထားခြင်း၊ အခန်း(၆) အမိန့်စာ ဆင့်ခေါ်ခြင်း၊ အခန်း(၇) ဆေးစစ်ရေးဘုတ်အဖွဲ့များ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်းများ၊ အခန်း(၈)တွင် စစ်မှုထမ်းတို့၏ ခံစားခွင့်၊ အခန်း(၉) တွင် စစ်စည်းရုံးခြင်းနှင့် အခန်း(၁၀)တွင် အထွေ ထွေပြဌာန်းချက်များ ပါဝင်သည်ကို တွေ့ရသည်။
စစ်မှုထမ်း ဆင့်ခေါ်ခံရသည့် Non-CDM ဝန်ထမ်းများ အနေဖြင့် စစ်ဘက်နှင့် အရပ်ဖက် (၂)နေရာလုံးတွင် အမည်စာရင်းပေါက်မည် ဖြစ်ပြီး မူလရရှိသော လစာနှင့် စစ်မှုထမ်းလစာနှစ်ခုထဲမှ ကြိုက်နှစ်သက်ရာ လစာတစ်ခုတည်းကိုသာ ခံစားရမည် ဖြစ်ကြောင်း ပြဌာန်းချက်တွင်ပါရှိသည်။
စစ်ကောင်စီ လက်အောက်မှာ တာဝန်ထမ်းဆောင်နေသော Non-CDMဝန်ထမ်းများသည် ရာထူးတိုး စာမေးပွဲ ဖြေဆိုရန်ရှိလာပါက လူတွေ့နှင့် ရေးဖြေနှစ်ခုလုံးအတွက် ဖြေဆိုရန် မလိုဘဲ ကင်းလွတ်ခွင့်ရှိသည့် အပြင် စစ်မှုထမ်းကာလ ပြည့်ပါက အရပ်ဘက်သို့ မပြန်ဘဲ အမြဲတမ်းစစ်သား အဖြစ် ဆက်လက်လျှောက်ထားနိုင်ကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေတွင် ပြဌာန်းထားသော စစ်မှုထမ်း သတ်မှတ်အသက်အရွက် အားဖြင့် အမျိုးသားဖြစ်လျှင် အသက်(၁၈)နှစ်မှ (၃၅)နှစ်မပြည့်သေးသော၊ အမျိုးသမီး ဖြစ်လျှင် အသက် (၁၈)နှစ်မှ (၂၇)နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို ဆိုလိုကြောင်း သိရသည်။
ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှု ပညာတတ်မြောက်သူ သို့မဟုတ် အခြားအတတ်ပညာတစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်းနေသူများ ဖြစ်ပါက စစ်မှုထမ်းရမည့် အသက်အပိုင်းအခြားကို အမျိုးသား(၁၈)နှစ်မှ (၄၅)နှစ်၊ အမျိုးသမီး အသက် (၁၈)နှစ်မှ (၃၅)နှစ် သတ်မှတ်ထားသည်ကို တွေ့ရသည်။
စစ်မှုထမ်းစာရင်းပါသူများ အနေဖြင့် စစ်မှုထမ်းရန် ပျက်ကွက်လျှင် ထောင်ဒဏ်(၃)နှစ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်ကြောင်းနှင့် စစ်မှုထမ်းရန် ပျက်ကွက်သူ၊ တိမ်းရှောင်သူကို ကူညီပါက ထောင်ဒဏ်(၁)နှစ် ချမှတ်နိုင်ကြောင်း စစ်မှုထမ်းဥပဒေတွင် ပြဌာန်းထားသည်။
ထို့အပြင် စစ်မှုထမ်းဥပဒေတွင် အမျိုးသား၊အမျိုးသမီးပါ စစ်မှုထမ်းရမည် ဖြစ်ပြီး ထွက်ပြေးပါက နေအိမ်တွင် ရှိသူများ အဖမ်းခံရမည် ဖြစ်ကြောင်း ပုဒ်မ ၃၃ ပုဒ်မခွဲ (က)နှင့် (ခ)တွင် တွေ့ရသည်။
ကျား မ ခွဲခြားထားခြင်း မရှိဘဲ အသက်သတ်မှတ်ချက် ပြည့်မှီသည့် လူငယ် ကျား မ မရွေး စစ်မှုထမ်းရမည် ဖြစ်ပြီး ထွက်ပြေးပါက နေအိမ်တွင် ရှိသည့် အိမ်သားများ အရေးယူခံရမည်ဟု ဖော်ပြထားသည်။
ပြဌာန်းချက် ဥပဒေပုဒ်မ – ၅၀ တွင် ဆေးစစ်အောင်မြင်သူများသည် စစ်မှုထမ်းမှ ကင်းလွတ်ခွင့်ပြုရန်၊ စစ်မှုထမ်းကာလကို လျှော့ပေါ့ပေးရန် ရွေ့ဆိုင်းပေးဖို့ လျှောက်ထားလျှင် ဗဟိုအဖွဲ့၏ ဆုံးဖြတ်ခွင့် မရခင်အထိ ပြည်ပနိုင်ငံသို့ ထွက်ခွာခွင့် မရှိစေရဟူ၍ လည်းကောင်း ပုဒ်မ-၅၁ တွင်အမိန့်စာ ရရှိသူအနေဖြင့် ဗဟိုအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ ပြည်ပနိုင်ငံတွင် ထွက်ခွာခွင့်မရှိစေရ ဟူ၍လည်းကောင်း ဖော်ပြထားသည်ကို တွေ့ရသည်။
#PPV0011
#ဥပဒေ
#စစ်မှုထမ်း
#စစ်ကောင်စီ