ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၅၊၂၀၂၅
ဘိလပ်မြေ ဈေးသည် ယခုရက်ပိုင်းအတွင်းအဆမတန်မြင့်တက်လာသဖြင့် ဆောက်လုပ်ရေးလုပ်မည့် ပြည်သူများအခက်အခဲကြုံတွေ့နေရကြောင်း ဆောက်လုပ်ရေးလုပ်နေသည့် ဒေသခံတစ်ဦးထံမှသိရသည်။
ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ ရှိဘိလပ်မြေဈေးနှုန်းသည် ယခင်၌တစ်အိတ်ကို တစ်သောင်းဝန်းကျင်သာရှိပြီး ယခုအခါတွင် Alpha ဘိလပ်မြေတစ်အိတ်ကို (၃၄၀၀၀)ကျပ်၊ ကြံ့နီဘိလပ်မြေတစ်အိတ်ကို (၃၃၀၀၀)ကျပ်နှင့် အပါချီဘိလပ်မြေတစ်အိတ်လည်း (၃၃၀၀၀)ကျပ် စသဖြင့်ဈေးနှုန်းအသီးသီးရှိလာကြောင်း သိရသည်။
“အခုချိန်ကပွင့်လင်းရာသီဆိုတော့ လူတွေကအိမ်အသစ်ဆောက်လုပ်ကြတယ် အိမ်သာအသစ်တွေဆောက်ကြတယ် အရေးထဲဘိလပ်မြေကအခုလို ဈေးအဆမတန်တက်တော့ အခက်အခဲတွေရှိတာပေါ့ ကိုယ်ရတဲ့ဝင်ငွေနဲ့ ထွက်မဲ့ငွေကမကိုက်တော့ဘူးလေ” ဟု အိမ်သာရေချိုးခန်း ဆောက်လုပ်မည့် တောင်ကြီးမြို့ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
ယခင်၌အိမ်သာကောင်းကောင်းတစ်လုံးဆောက်လိုလျှင် ပိုက်ဆံ(၁၀)သိန်းလောက်သာသုံးရပြီး ယခုအခါ၌ အိမ်သာတစ်လုံးတည်းကို ပိုက်ဆံသိန်း(၂၀) ကျော်ကုန်ကျနေသောကြောင့် အခက်အခဲများဖြစ်နေသည်ဟု ၎င်းကပြောသည်။
နောက်ထပ်ဒေသခံတစ်ဦးက “ကျွန်တော်တို့တောင် သူတွေရဲ့ ကုန်ပစ္စည်းတွေကတော့ ဈေးရတယ်လို့ကိုမရှိဘူး သူများထုတ်တဲ့ကုန်ပစ္စည်းတွေကတော့ ဈေးတက်သလားမပြောနဲ့ တောင်သူလယ်သမားတွေရဲ့ဘဝကမလွယ်ဘူး” ဟုပြောသည်။
ဘိလပ်မြေဈေးနှုန်းများအဆမတန်မြင့်တက်လာသည့်အတွက်ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ အိမ်ဆောက်လုပ်မည့်ဒေသခံပြည်သူများ စစ်ဘေးဒဏ်သင့်သည့်ဒေသများတွင် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ၌ များစွာအကျိုးသက်ရောက်မှုရှိသောကြောင့် အခက်အခဲများစွာနှင့် ကြုံတွေ့နေရကြောင်းသိရသည်။
ထို့အပြင် လက်လုပ်လက်စား ပန်ရံ၊လက်သမားများလည်း အလုပ်အကိုင်ထိခိုက်လာကြောင်းသိရသည်။
မြန်မာနိုင်ငံသည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်းမျိုးစုံဈေးအဆမတန်မြင့်တက်လာပြီး အခြေခံလူတန်းစားများသည်လည်း အခက်အခဲမျိုးစုံရင်ဆိုင်နေရကြောင်း သိရသည်။
#PPV007
#စျေးကွက်
#ဘိလပ်မြေ
#စီးပွားရေး