ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၄၊၂၀၂၅
ဝမ်စိမ်းရွာတွင် မူးယစ်ဆေး ဘိန်းဖြူအသုံးပြုပြီးရူး ကြောင်နေသည့် အမျိုးသားတစ်ဦးသည် လမ်း အသွားအလာ လုပ်သူများကို ချောင်းရိုက်ခြင်း ဖြစ်ပွားခဲ့ကြောင်း ဇန်နဝါရီ(၂၄)ရက်မှာ စုံစမ်းသိရသည်။
ရှမ်းပြည်နယ် တောင်ပိုင်း ကျေးသီးမြို့နယ်၊ ဝမ်စိမ်းရွာတွင် နေထိုင်သည့် အသက်(၃၀)ဝန်းကျင် အမျိုးသားတစ်ဦးသည် ဘိန်းဖြူကြောင်ရာမှ ဇန်နဝါရီ (၂၃)ရက် ညပိုင်းတွင် လမ်း၌အသွားအလာ လုပ်နေသူများကို ပေါက်ပြားကိုင်ဆောင်ပြီး ချောင်းရိုက်ကာ ဒေသခံ(၃)ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်ထံမှ သိရသည်။
“ငါတို့က ညဖက် (၆)နာရီဝန်းကျင် ကလေးအပါ(၃) ယောက် ခရီးကပြန်လာတာ ရွာထဲလမ်းမှာ မထင် မှတ်ပဲပေါက်ပြားနဲ့ ပေါက်လိုက်တာ ရှောင်လိုက်တော့ နောက်မှာ အနည်းငယ် ထိသွားတယ်။ ခေါင်းမှာ ထပ်ရိုက်ခံရတယ်။ ဆိုင်ကယ်ဦးထုပ် ကွဲသွားတယ်။ သူ့ကိုလည်း တို့တွေမသိဘူး။ ဆိုင်ကယ်ပါ မှောက်သွားတယ်”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
အရိုက်ခံရသူ (မစိုးရိမ်ရ)ဒဏ်ရာ ရခဲ့ပြီး ရွာလူကြီးထံ သွားရောက်တိုင်ကြားရာ ကျူးလွန်သူကိုတော့ သက်ဆိုင်ရာ စစ်တပ်မှ ဖမ်းဆီးသွားကြောင်း သိရသည်။
အလားတူ ထိုဖြစ်စဉ်အတိုင်း ကျူးလွန်သူ အမျိုး သားမှ ဇန်နဝါရီ(၂၃)ရက် ညနေပိုင်းတွင်ပဲ နောက်ထပ်ဒေသခံ(၂)ဦးကိုလည်း ချောင်းရိုက်ပြီး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးသုံးစွဲသူက နည်းမသွားဘဲ ပိုများလာခြင်းအပေါ် ကြာလာရင် ပိုပြီး ခိုးမှု၊ လူသတ်မှုအထိပါ ဖြစ်လာနိုင်တာကြောင့် သက်ဆိုင်ရာမှ ယခုထက်ပိုပြီး အရေးယူမှု ပြုလုပ်စေချင်ကြောင်းဒေသခံကပြောဆိုသည်။
“ရောင်းတဲ့သူကလည်း သိသိနဲ့ကို ရောင်းနေကြသလို သုံးစွဲသူကလည်း ရှိမြဲပဲ။ ကြာလာတော့ လုံခြုံမှု မရှိတော့သလို ခံစားရတယ်။ သက်ဆိုင်ရာက ဒီထက် အရေးယူမှု လုပ်စေချင်တယ်”ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။
ကျေးသီးမြို့နယ် ဝမ်စိမ်းရွာတွင် မူးယစ်ဆေး သုံးစွဲသူ၊ရောင်းချသူများကို SSPP/SSAမှ ဖမ်းဆီးမှုတွေ ရှိသော်လည်း ယခုချိန် ရောင်းဝယ်ဖောက်ကားသူများ ရှိနေကြောင်း သိရသည်။
#PPV0011
#social
#ဝမ်စိမ်း
#မူးယစ်ဆေးဝါး
#မှုခင်း