ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၄၊ ၂၀၂၅

လွိုင်ကော်မြို့နယ်ရှိ အောင်သပြေကုန်းကျေးရွာသည် ကျေးရွာတွင်းမြင်ကွင်းမရှင်းဘူးဟုဆိုကာ စစ်ကောင်စီတပ်က ဒေသခံနေအိမ်များကို မီးရှို့ဖျက်စီးခဲ့ကြောင်း ဇန်နဝါရီလ(၂၄)ရက်နေ့တွင် ဒေသခံထံမှသိရသည်။

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာအုပ်စု၊ အောင်သပြေကုန်းရွာထဲတွင် စစ်ကောင်စီတပ်က စခန်းချနေထိုင်လျက်ရှိပြီး ၎င်းတို့မြင်ကွင်းအတွက်မရှင်းမလင်းဖြစ်သည့်နေအိမ်များကို မီးရှို့ဖျက်စီးနေကြောင်း သိရသည်။

ဒေသခံနေအိမ်များမီးရှို့ဖျက်စီးခံရသည်မှာ ဇန်နဝါရီလ (၁၂)ရက်နှင့် (၁၃)ရက်နေ့ဝန်းကျင်လောက်ဖြစ်ပြီး အချို့သောနေအိမ်များက (၂၀၂၄) ခုနှစ် ဒီဇင်ဘာလကတည်းက မီးရှို့ဖျက်စီးခံရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“အိမ်တွေကစကစ(စစ်ကောင်စီ)ပဲရှို့တာ ရွာထဲမှာတိုက်ပွဲဖြစ်တာလည်းမဟုတ်ဘူး အခုတော့နေအိမ်(၈)အိမ်လောက်ပါသွားပြီ၊ သူတို့ကရွာထဲမှာစခန်းချထားတော့ သူတို့မြင်ကွင်းမရှင်းရင် မရှင်းတဲ့နေရာကိုမီးရှို့ပစ်လိုက်တာ” ဟုသူမက ခမ်းသားငေါဝ်းကိုပြောသည်။

အောင်သပြေကုန်းကျေးရွာ၏အရှေ့ဘက်နေရာများတွင် တော်လှန်ရေးတပ်ဖွဲ့များရှိနေပြီး ရံဖန်ရံခါအပြန်အလှန်ပစ်ခတ်မှုများလည်းရှိနေပြီး စစ်ကောင်စီတပ်က တိုက်ပွဲမြင်ကွင်းအတွက် ကာထားသည့်နေအိမ်များကို မီးရှို့ဖျက်စီးနေခြင်းဖြစ်ကြောင်း သိရသည်။

“အခုလိုတမင်သက်သက်အိမ်အရှို့ခံရတော့ ရင်နာတယ်ဆိုတာထက်ပိုတာပေါ့နော တိုက်ပွဲကြောင့်ဖြစ်သွားတယ်ဆိုရင်တော့ တစ်မျိုးပေါ့ အခုလိုတမင်ရှို့သွားတာကြီးကတော့ ပြောမတတ်အောင်လည်းခံစားရတယ် စစ်ဘေးရှောင်လို့စားဝတ်နေရေးအဆင်မပြေတာကတမျိုး ကျန်ခဲ့တဲ့အိမ်ပါ မီးရှို့ခံရတယ်ဆိုတဲ့ခံစားချက်ကြီးက စကားလုံးနဲ့ထုတ်ဖော်ပြောလို့မတတ်အောင်ပဲ” ဟု၎င်းက ဆက်ပြောသည်။

လွိုင်ကော်မြို့ နယ်အရှေ့ဘက်ခြမ်းရှိ ကျေးရွာများသည် (၂၀၂၃)ခုနှစ် နိုဝင်ဘာလ(၁၁)ရက်နေ့က စတင်သည့်(၁)လေးလုံးစစ်ဆင်ရေးကြောင့် ဒေသခံနေအိမ်များက တိုက်ပွဲကြောင့် ထိခိုက်ပျက်စီးခြင်းများလည်းရှိပြီး စစ်ကောင်စီတပ်ဘက်က တမင်တကာမီးရှို့ဖျက်စီးသည်များရှိနေကြောင်း အချို့သောရွာများကရွားလုံးကျွတ်မီးလောင်ပျက်စီးခဲ့ခြင်းများလည်းရှိကြောင်း သိရသည်။

ယခုလက်ရှိအချိန်ထိ ဒေသခံများသည်တိုက်ပွဲများကြောင့် နေအိမ်ပြန်၍မရသေးဘဲ နီးစပ်ရာနေရာများနှင့် ဘေးကင်းလုံခြုံသည့်နေရာများသို့ စစ်ဘေးတိမ်းရှောင်နေဆဲဖြစ်ပြီး စားဝတ်နေရေးအတွက်လည်း အခက်အခဲများရှိနေကြောင်း သိရသည်။

#PPV007
#Humanright
#လွိုင်ကော်
#အောင်သပြေ