ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၄၊၂၀၂၅
ဆီဆိုင်မြို့နယ်၊ ထီဆုံရွာတွင်တိုက်ပွဲကြောင့် ဒေသခံနေအိမ်ရွာ၏ တစ်ဝက်နီးပါးပျက်စီးသွားခဲ့ရသည်ဟု ဒေသခံတစ်ဦးထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ တောင်ရှေ့ကျေးရွာအုပ်စု၊ ထီဆုံရွာတွင် ပြီးခဲ့သည့်ဇန်နဝါရီလ (၁၂)ရက်နေ့တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး တိုက်ပွဲကြောင့် ဒေသခံနေအိမ် အများအပြားပျက်စီးခဲ့ရကြောင်း သိရသည်။
“ရွာထဲမှာအိမ်ပျက်စီးသွားတာကတော့ တစ်ဝက်နီးပါးလောက်ရှိတယ် ပျက်စီးသွားတဲ့နေအိမ်တွေတော်တော်များများက လုံးဝပျက်စီးသွားတာများတယ် ပြန်နေထိုင်ဖို့တော့ မရတော့ဘူး” ဟုဒေသခံအမျိုးသားတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
ထီဆုံရွာတွင် အိမ်ခြေ(၈၀)ခန့်ရှိပြီး ရွာ၏တစ်ဝက်နီးပါးနေအိမ်များပျက်စီးသွားသဖြင့် ဒေသခံများအတွက် အခက်အခဲများစွာကြုံတွေ့နေရကြောင်း သိရသည်။
“အခုကအခြေအနေကတော့ အကုန်မငိမ်သေးပါဘူး လယ်တောထဲပြန်သွားနေလိုက် ရွာထဲပြန်နေလိုက်ပါပဲအခုကတော့ ရွာတောင်ဘက်မှာလည်းသေနတ်သံတွေကြားနေရသေးတော့ အိမ်ပြန်တဲ့လူတွေလည်း မများသေးဘူး အိမ်ရှိနေသေးတဲ့လူတွေကတော့ အိမ်ပြန်နေကြတာပေါ့ တစ်ချို့ခါကျတော့ ပြန်နေဖို့အိမ်လည်းမရှိတော့ဘူး သူတို့ကိုကြည့်ပြီး စိတ်မကောင်းလည်းဖြစ်ရတယ်” ဟု၎င်းကဆက်ပြောသည်။
ထီဆုံရွာဘက်တွင် တိုက်ပွဲအနည်းငယ်ငြိမ်သက်လာပြီဖြစ်သောကြောင့် ဒေသခံအချို့နေအိမ်သို့ ပြန်လာနေထိုင်သူများလည်းရှိပြီး အချို့ကမနေရဲသဖြင့် သွားလိုက်ပြန်လိုက်လုပ်နေသည့်သူလည်းရှိကြောင်း အချို့ကပြန်နေရန် နေအိမ်မရှိတော့သည့်အတွက် အခက်အခဲများဖြစ်နေရကြောင်းသိရသည်။
#PPV007
#Humanright
#နေအိမ်ပျက်စီး
#ထီဆုံရွာ
#ဆီဆိုင်