ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၃၊၂၀၂၅
အင်းလေးကန်တွင် ခရီးသွားများကိုပြန်လည် ဆွဲဆောင်သည့်အနေဖြင့် စက်ဘီးစီးပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင် ဇန်နဝါရီလ(၁၈) ရက် နံနက် ၇း၀၀ နာရီ အချိန်ကဆဌမအကြိမ်အင်းလေးကန်ဖြတ်စက်ဘီးစီးပွဲကို ညောင်ရွှေမြို့ကျောက်တိုင်ကွင်းမှ တာလွှတ်ကျင်းပခဲ့ကြောင်း ပြိုင်ပွဲဝင် တစ်ဦးထံက သိရသည်။
အဆိုပါ အင်းလေး ကန်ဖြတ် စက်ဘီးစီးပွဲကို ၁၅ ကီလိုမီတာ ၂၁၀ ဦး၊ ၃၀ ကီလိုမီတာ ၃၀၀ ဦး စုစုပေါင်း ၅၁၀ ဦး ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
စက်ဘီးစီးပွဲ ၃၀ ကီလိုမီတာ စီးနင်းမှုတွင် ကျောက်တိုင် ကွင်းမှ မိုင်းသောက်တံတားသို့ စီးနင်းပြီး မိုင်းသောက်တံတားမှ စက်လှေများဖြင့် အင်းလေးကန်ကိုဖြတ်၍ အင်းအနောက်ဘက်ကမ်းသို့ကူးခဲ့ကြခြင်း ဖြစ်သည်။
ထိုမှ အင်းလေးကန် အနောက်ဘက်လမ်းအတိုင်း စက်ဘီးပြန်လည်စီးနင်း၍ ကျောက်တိုင်ကွင်းတွင် ပြန်လည်ပန်းဝင်ခဲ့ကြခြင်း ဖြစ်ကြောင်း ပြိုင်ပွဲဝင်များထံမှ သိရသည်။
အဆိုပါ စက်ဘီးစီး ပြိုင်ပွဲတွင် ပါဝင်စီးနင်းသူ ပြိုင်ပွဲဝင်များနှင့် ဆုရရှိသူများကို အထူးဆု စက်ဘီးများအပါအဝင် အခြားသော ဆက်စပ်ပစ္စည်းများကို မဲဖောက် ဆုချီးမြှင့်ခဲ့ကြောင်း ကြား သိရသည်။
အင်းလေးဒေသ အတွင်းတွင် စစ်တပ်အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပြည်ပခရီးသွားများ ရပ်တန့်ခဲ့ရပြီး ဒေသခံ ပြည်သူအများအပြားအလုပ်လက်မဲ့ဖြစ်ခဲ့ရကြောင်းသိရသည်။
#PPV-006
#ခရီးသွား
#အင်းလေး