ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၃၊ ၂၀၂၅

မိုးဗြဲတွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီက လက်နက်ကြီး၊ ဒရုန်း၊ လေယာဥ်များဖြင့် အဆက်မပြတ်တိုက်ခိုက်နေသောကြောင့် အနီးအနားကျေးရွာရှိပြည်သူများ သတိထားရန် လိုအပ်ကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုသည်။

ရှမ်း- ကရင်နီ(ကယား) နယ်စပ်၊ မိုးဗြဲမြို့တွင် စစ်ကောင်စီတပ် မိုးဗြဲ အခြေစိုက် ခမရ (၄၂၂) တပ်မှ စစ်ကြောင်းထိုးလာနေသောကြောင့် တော်လှန်ရေးတပ်များ နှင့် ထိတွေ့တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေသည်။

” မိုးဗြဲ မှာတော့ ဒီရက်ပိုင်း တိုက်ပွဲပြင်းထန်နေတယ်၊ လေယာဥ် ၊ ဒရုန်းတွေ ၊ လက်နက်ကြီးတွေနဲ့ အဆက်မပြတ်အသုံးပြုပြီးတိုက်ခိုက်နေတယ်၊ ပြီးတော့စစ်ကောင်စီက တိုက်ပွဲအတွင်းအထိနာရင် သူတို့ရဲ့ ထုံးစံအတိုင်း စစ်ရှောင်တွေ၊ ပြည်သူတွေကို ဦးတည်တိုက်ခိုက်လာနိုင်တယ်၊ အဲ့ကြောင့်မို့ အနီးနားတစ်ဝိုက်နေထိုင်တဲ့ ပြည်သူတွေ စစ်ကောင်စီရဲ့လေကြောင်းရန်၊လက်နက်ကြီးရန် ကို အထူးသတိထားခိုင်းစေချင်တယ်” ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

စစ်ကောင်စီသည် မိုးဗြဲ ကိုပြန်လည်ထိန်းချုပ်နိုင်ရန် စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေကြောင်းသိရသည်။

” စစ်ကောင်စီက မိုးဗြဲကိုပြန်လည်ထိန်းချုပ်ချင်တာ၊ ဖယ်ခုံကနေလည်း မိုးဗြဲကိုအင်အားဖြည့်နေတယ်၊ ပြီးတော့အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတယ်၊ လက်နက်ကြီးဆို နေ့ညမပြတ် အခုထိ တအုန်းအုန်း နဲ့ပစ်နေတုန်းပဲ” ဟု ၎င်း ကဆက်ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၈ ရက်နေ့တွင်လည်း ဖယ်ခုံအင်းအရှေ့ဖက်ကမ်းရှိ လွယ်ပေါ၊နန်းပေါ်လုံ ကျေးရွာကို စစ်ကောင်စီလက်နက်ကြီးပစ်ခတ်ခဲ့ခြင်းကြောင့် အရပ်သား ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

photo credit

#PPV 003
#တိုက်ပွဲသတင်း
#မိုးဗွဲ
#လက်နက်ကြီး