ခမ်းသားငေါဝ်း

ဇန်နဝါရီ ၂၁၊ ၂၀၂၅

စစ်ကောင်စီ ထိန်းချုပ်ထားသည့် မိုင်းရယ်မြို့တွင် ကုန်ဈေးနှုန်း မြှင့်သထက်မြှင့်တက်‌မှုကြောင့် ဒေသခံများ အခက်ခဲကြုံနေကြောင်း ဇန်နဝါရီ(၂၁)ရက်တွင် ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း မိုင်းရယ်မြို့သို့ တင်သွင်းသည့် ကုန်ပစ္စည်းများအပေါ် လမ်းကြေးအများအပြားပေးဆောင်ရသောကြောင့် ‌ကုန်ပစ္စည်း ရောင်းချသူများလည်း အစားအသောက်ဈေးပြန်တင် ရောင်းချရခြင်းဖြစ်ကြောင်း သိရသည်။

” ကိုယ်တွေမြို့တခုကပဲ ကွက်ပြီး ကုန်ဈေး‌နှုန်း‌တွေ ကြီးနေတာ။ လားရှိုးမြို့မှာတောင် အဲ့လောက်မကြီးဘူး။ ကုန်သယ်တဲ့ လမ်းကြောင်းကလည်း မလွယ်တော့ ‌ပြန်ရောင်းတာလည်း အဲ့လိုမဟုတ်ရင် ဘယ်လိုမှ အမြတ်မကျန်ဘူး”ဟု ဒေသခံ တစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

မိုင်းရယ်မြို့သို့ တင်သွင်းသည့် ကုန်လမ်းကြောင်း အနေဖြင့် ရှမ်းတောင်ဖက်မှ တင်လာလျှင် စစ်ကောင်စီ စောင့်သည့် ကောင်းလန်းဂိတ်တွင် ငွေအဆမတန်ပေးဆောင်‌ရသည့်အပြင် သက်ဆိုင်ရာ မိုင်းရယ်မြို့၏ ထောက်ခံစာ၊ စစ်တပ်၏ ထောက်ခံစာ ပြရပြီး မန္တလေးဖက်မှ တင်လျှင် ခက်ခဲသောရှောင်ကွင်းလမ်းကနေတဆင့် ကုန်ပစ္စည်းများ တင်ဆောင်ရ‌သောကြောင့် ကုန်ဈေးနှုန်း မြင့်တက်ရခြင်းဖြစ်ကြောင်း သိရသည်။

ယခုမိုင်းရယ်မြို့တွင် ဝက်သား တစ်ပိဿာ ကျပ်(၄၅၀၀၀)၊ ကြက်သား(CP) တစ်ပိဿာ ကျပ်(၂၈၀၀၀)အပြင် အမဲသား တစ်ပိဿာ ကျပ်(၃၅၀၀၀)ကျော် ရှိကြောင်း သိရသည်။

“ဝင်ငွေ အခြေအနေနဲ့ အသားဟင်းမစားရတာလည်း ကြာပြီ မဝယ်စားနိုင်တော့ဘူး။ အရေးကြီးတဲ့ ကလေးပညာရေးဖက်ကို ပိုအားစိုက်နေရတာ။ဈေးက တက်သထက်တက်နေတော့ ထမင်းနပ်မှန်ဖို့‌တောင် မနည်းရုန်းကန်နေရတယ်။ မတတ်နိုင်တော့ဘူး” ဟု ဒေသခံအမျိုးသမီးကလည်း ခမ်းသားငေါဝ်းကို ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း မိုင်းရယ်မြို့တွင် ၁၀၂၇ ဒုတိယ စစ်ဆင်ရေး ကတည်းက လျှပ်စစ်မီးမရတော့ပဲ ဆိုလာမီး၊ မီးသွေးတို့ကိုသာ အားထားနေရပြီး မီးသွေးတစ်အိတ်ကို ကျပ်(၁၅၀၀၀)ဝန်းကျင်လောက် ရှိကြောင်း သိရသည်။

မိုင်းရယ်မြို့သည် စစ်ကောင်စီ ထိန်းချုပ်ထားသော မြို့တစ်မြို့ ဖြစ်ပြီး မိုင်းရယ်မြို့နှင့် (၅)မိုင်သာ ဝေးသည့် ရှမ်းမြောက် ဟိုယမြို့တွင် ကိုးကန့်တပ် ထိန်းချုပ်ထားသည်။

ဇန်နဝါရီ (၂၀)ရက်တွင် ကိုးကန့်တပ်နှင့် စစ်ကောင်စီတပ် တို့အကြား အပစ်ခတ်ရပ်လိုက်ပြီဆိုသည့် သတင်းထွက်‌ ပေါ်ပြီး‌နောက်ပိုင်း တရုတ်နယ်စပ်မှ ပိတ်ထားသည့် ဂိတ်များအားလုံး ပြန်လည် ဖြတ်သန်းခွင့် ပြုလာသည့်အပေါ် ကုန်းဈေးနှုန်းမြင့်တက်မှုဒဏ် လျှော့ချနိုင်မည်ကို ဒေသခံများ မျှော်လင့်နေကြသည်ကို သိရသည်။

PPV0011
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#မိုင်းရယ်မြို့
#လမ်းကြေးအများအပြားပေးဆောင်ရ
#ကုန်ပစ္စည်းရောင်းချသူများ
#လားရှိုး