ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၁၊ ၂၀၂၅
တောင်ကြီးမြို့ပေါ်တွင် တောင်းစားသည့်ကလေးငယ်များ ယခင်ကထက်ပိုမို များပြားလာကြောင်း ဇန်နဝါရီလ(၂၁)ရက်နေ့တွင် ဒေသခံတစ်ဦးထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ မြို့မဈေးထဲတွင် လိုက်လံတောင်းစားသည့်ကလေးငယ်များ ယခင်ကထက်ပိုမိုများပြားလာပြီး ဈေးဝယ်သူများနှင့်ဈေးသည်များအတွက် စိတ်အနှောက်အယှက်ဖြစ်စေကြောင်း သိရသည်။
“အခုဆိုမြို့မဈေးထဲသွားကိုမသွားချင်တော့တာ ဈေးထဲဝင်လိုက်ပြီဆိုတာနဲ့ လိုက်တောင်းစားတဲ့ ကလေးငယ်တွေနဲ့ တွေ့ပြီပဲ သူတို့ကပိုက်ဆံမရမကတောင်းယုံသာမက လက်ထဲမုန့်ပါရင် မုန့်ပါတောင်းစားတာ တော်တော်တောင်းရဲကြတယ် ဈေးထဲတောင်မသွားချင်တော့ဘူး”ဟု ဒေသခံအမျိုးသားတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
မြို့မဈေးထဲတွင် ကလေးသူငယ်များက အစုလိုက်အဖွဲ့လိုက် လိုက်လံတောင်းစားနေကြပြီး သက်ကြီးရွယ်အိုအဖွားများလည်း လိုက်တောင်စားတာရှိနေကြောင်းသိရသည်။
“ကိုယ်ကဆိုင်ရှေ့ရပ်ပြီး ဈေးဝယ်ဖို့ပြင်တာနဲ့ သူတို့ကဘယ်ကနေရောက်လာကြလည်းမသိ တစ်ယောက်ပြီးတစ်ယောက် ထမင်းဖိုးဆိုပြီးမရမကတောင်း ဆိုင်ရှင်တွေကပြောရှာတယ် မပေးနဲ့ အကျင့်ပါတယ် ခြေလက်အစုံပါနေတာကို မလုပ်စားပဲတမင်တကာတောင်းစားနေတာ တစ်ခါတစ်လေကိုယ်က စိတ်ကမနေနိုင်တော့ ပေးလိုက်တာပဲ”ဟု ၎င်းကဆက်ပြောသည်။
နောက်ထပ်ဒေသခံအမျိုးသမီးတစ်ဦးက “အဲ့ကလေးတွေက ဒီကဒေသခံကလေးတွေမဟုတ်လောက်ဘူး မျက်နှာစိမ်းတွေပဲသူတို့က အရင်ကလည်းမမြင်ဖူးဘူး အခုဆိုနေရာအနှံရှိနေသလိုပဲ လိုက်တောင်းစားတာတွေရော ရပ်ကွက်ထဲ ဗူးခွံလိုက်ကောက်တာတွေရော” ဟု ခမ်းသားငေါဝ်းကိုပြောသည်။
တောင်ကြီးမြို့ပေါ်တွင် ယခင်ကတည်းက လိုက်လံတောင်းစားနေသည့်ကလေးငယ်များရှိခဲ့သော်လည်း ယခုလိုမျိုးမများဖူးကြောင်း ဒေသခံများကဆိုကြသည်။
ထို့အပြင်တောင်းကြီးမြို့ပေါ်ရပ်ကွက်အချို့တွင်မှာလည်း နေ့ခင်းဘက်၌ အိတ်တစ်လုံးကိုင်ပြီး ဗူးခွံများလိုက်လံကောက်သည့်ကလေးငယ်များလည်း များလာကြောင်းသိရသည်။
#PPV007
#လူ့အခွင့်အရေး
#တောင်ကြီးမြို့
#တောင်းစားသည့်ကလေးငယ်များ
#ယခင်ကထက်ပိုမိုများပြား