ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၀၊ ၂၀၂၅
တောင်ကြီးမြို့နယ်ရှိ စွန့်လွှတ်ပြီးသစ်တောမြေများနှင့် လူမနေသော မြေကွက်များကို ပြန်လည်သိမ်းဆည်းပြီး တိုက်ပွဲတွင်းထိခိုက်ဒဏ်ရာ ရရှိထားသည့် စစ်မှုထမ်း ဟောင်းများကို ပြန်လည် ပေးသွားရန်စစ်ကောင်စီ ပြင်ဆင်နေကြောင်း စုံစမ်း သိရသည်။
ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့နယ်တွင်းရှိ တောင်ကြီးမြို့၊ အေးသာယာမြို့နှင့် ရွှေညောင်မြို့ တို့တွင် ရှိသော မြေကွက်လွတ်များ နှင့် သစ်တော စွန့်လွှတ်မြေ များကို ပြန်လည်သိမ်းဆည်းသွားမည် ဖြစ်ကြောင်း သိရသည်။
“ အခုတောင်ကြီး ၊ အေးသာယာနဲ့ ရွှေညောင်မှာ ရှိတဲ့ မြေကွက်တွေကို သိမ်းပြီးတော့ တိုက်ပွဲမှာ ထိခိုက် ဒဏ်ရာ ရရှိထားတဲ့ စစ်ပြန်တွေကို မြေနေရာ ပေးဖို့ လို့ ကြားတယ်။ ကျွန်တော်တို့ ပိုင်တဲ့ မြေတွေကို ပြန်သိမ်းပြီးတော့ ဆယ်ပုံမှာ သုံးပုံကိုပဲ အချိုးကျ ပြန်ပေးမယ်လို့လည်းကြားတယ်။ မြေပိုင်ရှင်စစတွေ စုပေါင်းပြီး ကန့်ကွက်ထားကြတယ်။ ရွှေညောင် နဲ့ အေးသာယာ မှာ ဆိုရင်ကွက်သစ်ဘက်လို့ ကြားတယ်။”ဟု မြေကွက်ပိုင်ရှင် တစ်ဦးက ဆိုသည်။
ရွှေညောင်မြို့တွင် ပြန်လည် သိမ်းဆည်းရန် ပြင်ဆင်နေသော မြေကွက်များကို မြေယာပိုင်ရှင်များက ပြန်လည် အသနားခံစာ တင်ပြထားကြောင်း သိရသည်။
အေးသာယာတွင် လူမနေသော မြေကွက်လွတ်များကို ပြန်လည်သိမ်းဆည်းခြင်းများ ရှိကာ လက်ပြောင်း ဝယ်ယူ ထားသူများ ဆုံးရှုံးမှု ရှိနေကြောင်း သိရသည်။
ထို့ပြင် အေးသာယာ အဝင် နာရီစင် မရောက်ခင် လမ်းဘေးတွင် ယခင်က သစ်ပင်များ စိုက်ထားသောခြံအတွင်း ဝန်ထမ်းအိမ်ယာ တိုက်ခန်းများကို အားချင်း တည်ဆောက်ခဲ့ကြပြီး ၊ စစ်မှုထမ်း ဟောင်း ဝန်ထမ်းများအတွက် နေစရာများကို ပြန်ပေးရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
#PPV-006
#စွန့်လွတ်မြေ
#Taunggyi
#မြေသိမ်း