ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၈၊ ၂၀၂၅
စစ်မှုထမ်းကိစ္စသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်း ကျေးရွာဒေသများတွင် အခြားဒေသထက် ဒေသခံပြည်သူပိုမိုနစ်နာ ပိုမိုခက်ခဲကြောင်း ပအိုဝ်းလူငယ်အဖွဲ့အစည်း၏ တာဝန်ရှိသူ (PYO) ထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်းရှိ လွိုင်လင်၊ ညောင်ရွှေ၊ ဆီဆိုင်၊ဟိုပုံး၊ပင်လောင်းမြို့နယ်ရှိ ကျေးရွာများ၌ စစ်မှုထမ်းအတွက် စစ်ကောင်စီနှင့် PNOပြည်သူ့စစ် တို့က ဒေသခံများကို တပ်သားသစ်အပြင် ငွေကြေးပါပေးဆောင်းရသဖြင့် ဒေသခံများ ပိုမို ခက်ခဲ ကြောင်း ပအိုဝ်းလူငယ်အဖွဲ့အစည်း၏ တာဝန်ရှိသူပြောသည်။

“လူထုမှာက စစ်ကောင်စီ လည်းလာပြီးစုဆောင်းတော့ လူပေးရတယ်၊ နောက်တစ်ခုကတော့ ပအ်ိုဝ်းဖြစ်နေပြီး ဖြစ်ခါကျတော့ ပအိုဝ်းအမည်ခံထားတဲ့ PNO အဖွဲ့ကလာစုဆောင်းတဲ့အခါကြလည်း သူတို့အတွက်တပ်သားလည်းရှာပေးရတယ်”ဟုပအိုဝ်းလူငယ်အဖွဲ့အစည်း၏ တာဝန်ရှိသူ ကပြောသည်။

စစ်မှုထမ်းအတွက် တပ်သားနှင့် ငွေကြေးပေးဆောင်ရာတွင် စစ်မှုမထမ်းချင်ပါက တောင်းသည့် ပိုက်ဆံ ပမာဏပေးရခြင်း၊ အိမ်ခြေပေါ်မှုတည်၍ တပ်သားပေးပို့ရခြင်း၊ လူငှါးအတွက် တစ်အိမ်ကို သောင်းဂဏန်း၊သိန်းဂဏန်းဖြင့် PNO ပြည်သူ့စစ်နှင့် စစ်ကောင်စီ ကို ပေးဆောင်ရသည်။

၂၀၂၄ ခုနှစ်၊ နိုင်ဝင်ဘာလမှစ၍ မောက်မယ်မြို့နယ်တွင် တစ်အိမ်တစ်ယောက် အသက်၁၈နှစ် ပြည့် သူတိုင်း စစ်မှုမထမ်းမနေရ ဟူသော မူဝါဒကို PNO ပြည်သူ့စစ်က ချမှတ်လိုက်သည့်အတွက်အခက်ခဲပိုမိုဖြစ်ခဲ့ရကြောင်းသိရသည်။

စစ်တပ်အာဏာသိမ်းမှု ဖြစ်စဥ်ဖြစ်ပွားကတည်းကပအိုဝ်းဒေသအတွင်းကျေးရွာလုံခြုံရေးဟုဆိုကာ PNO ပြည်သူ့စစ်က စစ်သင်တန်းခေါ်ယူခဲ့ခြင်းဖြစ်သည်။

ရှမ်းတောင်တိုက်ပွဲဖြစ်ပွားလာပြီးနောက် စစ်သားစုဆောင်းမှုပိုမိုပြင်းထန်လာသလို စစ်ကောင်စီက စစ်မှုထမ်းဥပဒေ ပြဌာန်းပြီးနောက် စစ်သားစုဆောင်းမှု အပြင်းထန်းဆုံးအချိန်ဖြစ်လာခဲ့ရသည်။

သတ်မှတ်ထားသည့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း စစ်မှုထမ်းရခြင်းသည် တကယ့်မြေပြင်တွင် အသက်မပြည့်သည့်လူငယ်အပြင် အသက် ၅၀ အထက်ပါ စစ်မှုထမ်းနေရကြောင်းသိရသည်။

#ppv013
#Humanright
#စစ်မှုထမ်း
#ရှမ်းတောင်

You missed