ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၈၊၂၀၂၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့ရှိ အထက် တန်းကျောင်းတစ်ကျောင်းတွင် ကျောင်းသား ကျောင်းသူ များထံ ငွေကြေး ကောက်ခံမှုများရှိကြောင်း ကျောင်းသားမိဘများထံမှ ကြားသိရသည်။
အောင်ပန်းမြို့၊ အမှတ်(၃) အခြေခံ ပညာအထက် တန်းကျောင်းတွင် ကျောင်းသားကျောင်းသူ ကလေးငယ်များ အပြစ်တစ်ခုခု လုပ်ထားလျှင် ဆုံးမသွန်သင်မှု မပြုဘဲ ငွေကြေးပိုက်ဆံ ငါးရာကျပ်၊ တစ်ထောင်ကျပ် ကောက်ခံနေကြောင်း သိရသည်။
အဆိုပါ ကောက်ခံသော ဒဏ်ကြေး ငါးရာ တစ်ထောင်ကျပ်သည် ကျောင်းရန်ပုံငွေ ၊ ကျောင်းဖွံ့ဖြိုးရေးနှင့် နှစ်ကုန်ချိန် ကလေးငယ်များအတွက် မုန့်ကျွေးခြင်းတို့တွင် အသုံးပြုခြင်း မရှိဘဲ ကျောင်း ဆရာ ၊ ဆရာမ အိတ်ကပ်ထဲ စီးဆင်းသွားနေကြောင်း ကျောင်းသား မိဘ တစ်ဦးက ဆိုထားသည်။
“ ကျောင်းရန်ပုံငွေ၊ ကျောင်းဖွံ့ဖြိုးရေး၊ကလေးတွေကိုနှစ်ကုန် မုန့်ကျွေးတာမျိုးမဟုတ်ဘဲ ပိုက်ဆံကောက်ခံတဲ့ ဆရာမရဲ့အိတ်ထဲကိုပဲ တိုက်ရိုက်စီးဆင်းသွားပါတယ်။ဒါမျိုးဖြစ်စဥ်တွေဟာ တစ်နှစ်လုံးဖြစ်နေတာဖြစ်ပြီး မပြောချင်သေးလို့သာ မပြောတာပါ။အခုကမပြောမဖြစ်မို့ပြောလာရတာ”ဟု ကျောင်းသား မိဘတစ်ဦးကပြောသည်။
ထို့အပြင်ဆရာမကြီးပြောင်းမည်ကို ကလေးတစ်ယောက်(၂၀၀၀)ထည့်နေရပြီး အမှန် သတ်မှတ် ပြီးကောက်ခြင်းမျိုးမဟုတ်ဘဲ ကျောင်းသား ၏စေတနာသဒ္ဓါတရားပေါ်မူတည်ပြီးကန်တော့ခြင်းသာဖြစ်သင့်ကြောင်းဆိုသည်။
တောင်ကြီးမြို့ရှိ ကျောင်းများတွင်လည်း စုံညီပွဲတော် အတွက် ကျောင်းသား ကျောင်းသူများမှ ငွေကြေး ထည့်ဝင်ရသည့်အပြင် ခေါင်းစဉ် အမျိုးမျိုးဖြင့် ကောက်ခံမှုများ ရှိကြောင်း သိရသည်။
ကျောင်းကပွဲ အတွက် ဝတ်စုံကြေးကိုလည်း ငါးသောင်းထက် မနည်းထည့်ဝင်ရမှု ရှိကြောင်း အထက်တန်း ကျောင်း တစ်ကျောင်းတွင် ထားသော မူလတန်း ကလေးငယ် မိဘ တစ်ဦးထံမှ သိရသည်။
#PPV-006
#ပညာရေး
#ကျောင်း
#အောင်ပန်း