ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၈၊ ၂၀၂၅

ဆီဆိုင်မြို့ အရှေ့ဘက်နှင့်အရှေ့တောင်ဘက်တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့က အင်အားအလုံးအ ရင်းဖြင့် ထိုးစစ်ဆင်လာ၍ တိုက်ပွဲပြင်းထန်နေကြောင်း PNLO ထံသိရသည်။

တိုက်ပွဲတွင်စစ်ကောင်စီက ၁၅ ရာခိုင်နူန်းသာပါပြီး PNO ပြည်သူ့စစ်က အများဆုံးဖြစ်ကာ တပ်သားများကို မူးယစ်ဆေးဝါးကျွေး၍ ရှေ့တန်းတက် စေခြင်းနှင့် ဖိအားပေးတက်စေခြင်းကြောင့် အကျဆုံးများနေကြောင်းသိရသည်။

“စစ်ကောင်စီက လက်နက်ကြီး၊ လေယာဉ်ပစ်ကူနဲ့ ဆက်သွယ်ရေးတွေကွတ်ကဲ ညွန်ကြားချက်တွေ အဓိက လုပ်ပေးတာ၊ တက်လာတဲ့စစ်သားတွေက ပြည်သူ့စစ်တွေပဲ၊ ပြည်သူ့စစ်ထဲမှာလည်း ပအိုဝ်းပြည်သူအရပ်သားတွေဖြစ်တယ် အတင်းစစ်သားခေါ်ပြီး ရှေ့တန်းတက်ခိုင်းတာကြောင့် အကျဆုံးအရမ်းများတယ်။” ဟု PNLO အတွင်း ရေး မှူး ဗိုလ်မှူးကြီးခွန်အောင်မန်းက ခမ်းသားငေါဝ်းကိုပြောသည်။

ဇန်နဝါရီလ ၁၇ ရက်နေ့တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့ စစ်ကြောင်း(၄)ကြောင်းနှင့် အင်အား ၅၀၀ ကျော်ဖြင့် ပင်ငိုကျေးရွာ၊ နောင်ကျောကျေးရွာအနီးနှင့် ဖြီကျွတ်ရွာအနီးသို့ စစ်ကြောင်းထိုးဝင်ရောက် လာခြင်း ကြောင့် PNLO နှင့် တနေကုန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့ ယနေ့မနက်တွင်လည်း စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဆီဆိုင်မြို့နယ် လွယ်ချယ် ကျေးရွာကို ၂ ကြိမ် ဗုံးလေးလုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

PNO ပြည်သူ့စစ်သည် အထူးဒေသ(၆) အတွင်း နယ်မြေရှင်းလင်းရေးပြုလုပ်မည်ဟု ဇန်နဝါရီ ၁၂ ရက်၊ ၁၃ ရက် က ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွင်ပြောဆိုထားသည်။

‘’​ဖြီကျွတ်ဘက်ကအပြင်းထန်တိုက်ပွဲဖြစ်တယ်၊ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်က ပအိုဝ်းပြည်သူ လူထုရဲ့အသက်ကို ရင်းပြီးတော့ နယ်မြေရှင်းလင်းရေးလို့ ပြောတာပေါ့ ပအိုဝ်းလူထုတွေလည်း နားလည်သင့်နေပြီ။ ပအိုဝ်းပြည်သူလူထု အသက်တွေဆုံးရှုံးနေရတယ်” ဟု ဗိုလ်မှူးကြီးခွန်အောင်မန်းကပြောသည်။

စစ်ကောင်စီနှင့် PNOပြည်သူ့စစ်က လက်နက်ကြီးများ ဒရုန်းများ တိုက်လေယာဥ်များအသုံးပြုကာ ပအိုဝ်းကျေး ရွာကို တိုက်ခိုက်နေခြင်းကြောင့် ဆီဆိုင်မြို့နယ် အရှေ့ဘက်ခြမ်းရှိ ပအိုဝ်းပြည်သူ ထောင်နှင့်ချီပြီး တောတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေရကြောင့် PNLO ကထုတ်ပြန်ထားသည်။

တိုက်ပွဲတွင် နှစ်ဘက် အကျအဆုံးရှိခဲ့သော်လည်း ဖြီကျွတ်ကျေးရွာအနီးတွင် စစ်ကောင်စီနှင့် PNO ပြည်သူ့ စစ်တို့ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာခြင်းကြောင့် ဖြီကျွတ်ရွာအနီး တောင် ၂ လုံးကြားတိုက်ပွဲတွင် တောင်ယာထဲ စစ်ကောင်စီနှင့် ပြည်သူ့စစ်ဖက်မှ ၁၀၀ ထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။

လက်ရှိတွင်လည်း စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်သည် ဖြီကျွတ်ကျေးရွာထဲတွင် တပ်စွဲကာ အင်အားပြန် လည်ဖြည့်တင်းနေလျက်ရှိကြောင်းသိရသည်။

#ppv002
#တိုက်ပွဲ
#ဆီဆိုင်
#PNO
#PNLO