ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၇၊၂၀၂၅
ညောင်ရွေမြို့နယ် ရေပူကျေးရွာတွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ PNO ပြည်သူ့စစ်က လက်နက်ကြီးဖြင့်ပစ်ခတ်လာ၍ စစ်ရှောင်နေသည့် ၆ နှစ်အရွယ် ကလေးအပါ (၃)ဦးသေဆုံးခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် ရေပူဘုရားတောင်ကျေးရွာအုပ်စု ဘုရားတောင်ကျေးရွာဘုန်းတော်ကြီးကျောင်းအနီးရှိ ရေပူရွာသားများစစ်ရှောင်နေထိုင်သည့်တဲများကို ဇန်နဝါရီ ၁၇ ရက် နေ့လည် ၁ နာရီကျော် ခန့်တွင် PNO ပြည်သူ့စစ်က လက်နက် ကြီးဖြင့်ပစ်ခတ်၍ စစ်ရှောင် ပြည်သူ ၁၇ ဦး ထိမှန်ခဲ့ကြောင်းဒေသခံများထံသိရသည်။
“တိုက်ပွဲမရှိ ရွာမှာစစ်သားလုံးဝမရှိပါဘူး၊ ဘီလူးချောင်း အနောက်ဖက်ပင်လောင်းမြို့နယ် ပင်စုံ အောက်ရွာဖက်မှ PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေပစ်ခတ်လာတာ”ဟုဒေသခံ တစ်ဦး ကခမ်းသားငေါဝ်းကိုပြောသည်။
ထိုလက်နက်ကြီးကြောင့် အသက်(၆)နှစ်အရွယ်နန်းအေးမြင့်သန်းသည် ဦးခေါင်းထိမှန်၍နေရာတွင်သေဆုံးသွားပြီး၊ ခွန်သိန်းအောင်အသက်(၂၈)နှစ်၊ ဦးစိုင်းအသက်(၅၅)နှစ်တို့လည်းထပ်မံသေဆုံးကာ ၁၄ ဦးပြင်းထန်ဒါဏ်ရာရရှိ၍ စံကားဆေးရုံ၊ နမ့်ပန်ဆေးရုံနှင့် အောင်ပန်းဆေးရုံများသို့ပို့ဆောင်ပြီးဆေးကုသမှုခံယူနေကြောင်း သိရသည်။
“PNO ပြည်သူ့စစ် ဟာပအိုဝ်းအမျိုးသားရေး အကြောင်းပြတယ် စစ်တပ်ကိုသက်ဆိုးရှည်ဖို့လူမျိုးရေး ဘာသာရေး စစ်ပွဲဖန်တီးတယ်ပအိုဝ်းလူငယ်တွေကိုစစ်ထဲအတင်းဆွဲသွင်းပြီးအသေခံခိုင်းတယ် ငွေကောက်တယ် ဒီအမှားဟာလုံးဝခွင့်လွှတ်လို့မရတဲ့အမှားပါဘဲ”ဟုဒေသခံတစ်ဦးက ဆက်ပြောသည်။
ထိုစစ်ရှောင်ပြည်သူများသည် ၂၀၂၄ ခုနှစ် ဧပြီလက ညောင်လေးပင်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွား၍ ဘုရားတောင်ကျေးရွာ ဘုန်းကြီးကျောင်းအနီးသို့ စစ်ရှောင်လာသည့်ပအိုဝ်းပြည်သူများဖြစ်ကြောင်းသိရသည်။
#ppv002
#Humanright
#ဘုရားတောင်
#ရေပူရွာ