ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၇၊၂၀၂၅

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဆန်စျေးနှုန်း ထပ်မံ တက်လာပြန်ပြီး ဒေသဆန်များလည်း စျေးတက်လာနေ ကြောင်း ဆန်ရောင်းဝယ်ရေး ဆန်ဆိုင်များ နှင့် ဆန်စက်များထံမှ သိရသည်။

ရွှေဘို ပေါ်ဆန်းမွှေး အသစ် ပေါ်နေပြီး ၂၄ ပြည် တစ်အိတ်လျှင် တစ်သိန်းခွဲ ကျပ် ရောင်းစျေး ရှိကြောင်း တောင်ကြီး ဆန်ဆိုင်မှ သိရသည်။

“ဆန်တွေကတော့ အရင်အတိုင်း တက်စျေးပါပဲ။ တရုတ်မွှေးရှမ်းဆန်တောင် တစ်အိတ်ကိုတစ်သိန်း သုံးသောင်း ငါးထောင်ကျပ်ပါ။ ရွှေအပ် ရှမ်းဆန် တစ်အိတ်တချို့က တစ်သိန်းခွဲ ရောင်းတယ်။ အခု ဒေသဆန် ဆန်လုံးညိုတောင် တစ်အိတ်ကို တစ်သိန်းခွဲကျပ် ပေါက်စျေးရှိပါတယ်။ အနိမ့်ဆုံး ဆန်တောင် တစ်သိန်း နှစ်သောင်းလောက် ကနေ ရှိပါတယ်။ တစ်သိန်းကျော် ဆိုရင် မနောသုခ လောက်ပဲ ရတော့တယ်။ ”ဟု ဆန်ဆိုင်မှ အရောင်းဝန်ထမ်း တစ်ဦးက ပြောသည်။

တရုတ်မွှေး(ရှမ်းဆန်) တစ်အိတ် – ၁၃၅၀၀၀ ကျပ် ၊ မိုင်းကိုင် ရှမ်းဆန် တစ်အိတ် ၁၄၅၀၀၀ ကျပ် ၊ ဒေါ်ခင်အေး ရွှေဘိုပေါ်ဆန်းမွှေး ထိပ်စ (ထူးထူးရှယ်) တစ်အိတ် ၁၈၈၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းမွှေး တစ်အိတ်လျှင် ၁၆၅၀၀၀ ကျပ် ၊ ပုသိမ်ပေါ်ဆန်းမွှေး တစ်အိတ် ၁၄၅၀၀၀ ကျပ် ၊ ရွှေဘိုဧရာပဒေသာ တစ်အိတ်လျှင် ၁၀၅၀၀၀ ကျပ် ၊ ရွှေဘိုမနောသုခတစ်အိတ်လျှင် ၁၀၅၀၀၀ ကျပ် ၊ ဖျာပုံမနောသုခရှယ် တစ်အိတ်လျှင် ၁၂၀၀၀၀ ကျပ် ၊ ရွှေဘိုပေါ်ဆန်းမွှေး ဆန်လတ်ကြီးတစ်အိတ်လျှင် ၁၂၀၀၀၀ ကျပ် ၊ ရွှေအပ်ရှမ်းဆန် တစ်အိတ်လျှင် ၁၄၅၀၀၀ ကျပ် ၊ ရွှေရင်အေးတစ်အိတ်လျှင် ၁၆၅၀၀၀ ကျပ် ရောင်းစျေး ရှိကြောင်း ဇန်နဝါရီလ ၁၇ ရက် စျေးနှုန်း အရ သိရသည်။

လစာနည်း ဝန်ထမ်းများ အနေဖြင့် ဆန်စျေး ဆက်တက်မည်ကို စိုးရိမ်နေပြီး စားဝတ်နေရေး အင်မတန် ခက်ခဲလာကြောင်း ဆိုသည်။

တောင်ကြီးမြို့ ပြည်သူတစ်ဦးက“ ရတဲ့ လစာက ဆန်ဖိုးတောင် မရှိပါဘူး။ ဆန်တစ်အိတ် ၂ သိန်းလောက်ရှိနေပါပြီ။ စားဖို့ မလောက်တော့ပါဘူး။ မိသားစု အကုန်လုပ်မှ တစ်ယောက်ကဆန်ဖိုး၊ တစ်ယောက်က ဟင်းဖိုးရှာလို့လောက်မှာပါ။ ကလေးငယ်အတွက် မုန့်ဖိုးတောင်မပါသေးဘူး။ ကလေးရှိရင် ပိုဆိုးတယ်။မနက်စာတောင် ဆိုင်မှာ မစားနိုင်တာကြာနေပြီ။ ဒီထက် ဆက်တက်ရင် ဘယ်လိုမှ မလွယ်တော့ဘူး။ ”ဟု ပြောသည်။

၂၀၂၄ ခုနှစ် စက်တင်ဘာလ အတွင်း ရှမ်းပြည်နယ်တောင်ပိုင်းရှိ ညောင်ရွှေမြို့နယ် ၊ ပုံးအင်းဒေသ နှင့် ဟိုပုံးမြို့နယ်တို့တွင် သီးနှံစိုက်ခင်းများ ၊ စပါးစိုက်ခင်းများစွာ ရေကြီးနစ်မြုပ် ပျက်စီးခြင်းကြောင့် မျိုးစပါး များကိုပါ ဆုံးရှုံးခဲ့ရခြင်း ရှိကြောင်း တောင်သူများထံမှ သိရသည်။

အဆိုပါ ပျက်စီးခြင်းသည် ရှမ်းပြည်နယ်တောင်ပိုင်း ဒေသဝမ်းစာ ၏ ၃ ပုံ ၁ ပုံခန့် ပျက်စီးမှု ရှိနိုင်ကြောင်း ညောင်ရွှေမြို့နယ်၊ အင်းလေးကန် ရှိ ကျွန်းမျော စိုက်တောင်သူတစ်ဦးက ခန့်မှန်းသည်။

ပြည်တွင်းစား ဆန်များ၊ (ရွှေဘိုပေါ်ဆန်း/ ဧရာဝတီပေါ်ဆန်း) တို့ကို စားသုံးသူရေးရာဦးစီးဌာန၏ ရည်ညွှန်းဈေးများအတိုင်း ရောင်းဝယ်ရန် နှင့် ဆန်ဈေးကွက်ဈေးနှုန်းများ သင့်တင့်မျှတစေရေး အထူးအလေးပေး လိုက်နာဆောင်ရွက်ရန် အချိန်နှင့် တပြေးညီဆိုသလို မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အသိပေး ထားသည်။

လစဉ်ထုတ်ပြန်သည့် ရည်ညွှန်းစျေးနှုန်းများ၊ စည်း ကမ်းချက်များနှင့် အညီရောင်းချရန်နှင့် စျေးနှုန်းပိုI မြှင့်တင်ရောင်းချခြင်း၊ အရည်အသွေး မမှန်မကန် ရောင်းချခြင်း၊ လိုက်နာဆောင်ရွက်မှုမရှိခြင်းတို့အပေါ် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ -၅ အရ တရားစွဲဆိုခြင်း၊ ဒဏ်ငွေနှင့် အခွန်ငွေ သတ်မှတ်ပေးဆောင်စေခြင်း စသည့် ထိရောက်စွာ အရေးယူမှုများ ပြုလုပ်နေသောကြောင့် ဆန်စက်များ၊ ဆန် အရောင်းဆိုင်များ၊ ကုန်သည်များ နှင့် ဆန်လုပ်ငန်းရှင်များမှ အလေးအနက်ထား၍ လိုက်နာဆောင်ရွက်ရန် ဇန်နဝါရီလ ၆ ရက်တွင်အသိပေးတိုက်တွန်း ထုတ်ပြန်ထားသည်။

#PPV-006
#ကုန်စျေးနှုန်း
#ဆန်စျေး
#အခြေခံစားသောက်ကုန်

You missed