ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၇၊၂၀၂၅
မိုးဗြဲလမ်းမကြီးတစ်လျှောက်တွင် စစ်ကောင်စီက လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကယန်းအမျိုးသားတပ်မတော် KNA ပြောရေးဆိုခွင့်ရှိသူတစ်ဦးထံမှသိရသည်။
ရှမ်း၊ ကရင်နီ(ကယား) နယ်စပ် မိုးဗြဲ မြို့ လမ်းမကြီးတစ်လျောက်ကို စစ်ကောင်စီက ယနေ့မနက် ၁ နာရီဝန်းကျင်ခန့်အချိန်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
” မိုးဗြဲက လမ်းမကြီးဘေးတစ်လျှောက် ကြဲသွားတာပေါ့နော်၊ အများကြီးကြဲသွားတယ်၊ ထိခိုက်မှုအသေးစိတ်ကိုတော့ မသိရသေးဘူး” ဟု KNA ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
စစ်ကောင်စီသည် ၂၀၂၅ နှစ်ဦးပိုင်းတွင် တော်လှန် ရေးအင်အားစုများ က ပိုမိုဖိအားပေးလာမည်ကိုစိုးရိမ် နေခြင်းနှင့် ကရင်နီကို ပြန်လည်ထိန်းချုပ်နိုင်ရန် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြုလုပ်နေလျက်ရှိကြောင်းသိရသည်။
” ဒီနှစ်ဦးပိုင်းမှာ ကရင်နီမှာရှိတဲ့ တော်လှန်ရေးအင်အားစုအသီးသီးက စစ်ရေးပိုမိုလုပ်ဆောင်လာမယ်လို့ထုတ်ပြန်ကြေငြာထားကြတယ်ပေါ့နော်၊ အဲ့ပေါ်စစ်ကောင်စီက စိုးရိမ်တဲ့အတွက်ကြောင့် ကရင်နီပြည်မှာ လေကြောင်းတိုက်ခိုက်မှုတွေပိုမိုလုပ်လာတယ်လို့မြင်တယ်၊ ပြီးတော့ ကယားပြည်နယ်နေ့တုန်းကလည်း သူတို့အကြီးအကဲတစ်ယောက်လွိုင်ကော်ကိုရောက်လာတယ်ပေါ့နော်၊ အဲ့ဒါ တော်လှန် ရေးအင်အားစုတွေ လွိုင်ကော်ကို မချည်းကပ်နိုင်အောင်၊ မခြိမ်းခြောက်နိုင်အောင် ပြီးတော့ လွိုင်ကော်မြို့ကို သူတို့ထိန်းချုပ်ထားတယ်ဆိုတဲ့ပုံစံမျိုး နှင့် လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်နေတာဖြစ်ပါတယ်” ဟု ၎င်း ကဆက်ပြောသည်။
ပြီးခဲ့သော ဇန်နဝါရီလ ၁၅ ရက်နေ့တွင်လည်း စစ်ကောင်စီက ဒီမောဆိုရှိစစ်ရှောင်စခန်းတစ်ခုကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ရှောင်ပြည်သူ ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရှိခဲ့သည်။
photo online
#PPV 003
#Humanright
#မိုးဗွဲ
#လေကြောင်းတိုက်ခိုက်