ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၅၊ ၂၀၂၅
ဆီဆိုင်မြို့နယ် နောင်ထောဝ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီက ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(PNLA) ထုတ်ပြန်ချက်အရ သိရသည်။
ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် တောင်ရှေ့အုပ်စု နောင်ထောဝ်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဇန်နဝါရီ(၁၄)ရက် ညနေပိုင်း(၃)နာရီအချိန်တွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာ(၁)စီးဖြင့် (၄)ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ နောင်ထောဝ်ရဲစခန်းနှင့် ကျေးရွာဓမ္မာရုံ ထိခိုက်ပျက်ဆီးခဲ့ကြောင်း သိရသည်။
“ဒါတွေက ဘာကိုပြနေတာလဲဆိုရင် စစ်ကောင်စီက တမင်သက်သက် ရည်ရွယ်ချက်ရှိရှိ စစ်ရာဇဝတ်မှုကို ဆက်တိုက် ကျူးလွန်နေတဲ့ ပုံစံ ဖြစ်တယ်” ဟု PNLA၏ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ခမ်းသားငေါဝ်းကို ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ(၁၂)ရက်မှာလည်း ဆီဆိုင်မြို့နယ် ထီဆုံကျေးရွာအနီးတွင် စစ်ကောင်စီ နှင်လက်အောက် PNO ပြည်သူ့စစ်၊ PNLA တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး PNLA တပ်ဖွဲ့မှ စစ်သုံ့ပန်း(၅)ဦးကိုဖမ်းဆီးရမိပြီး PNO က ဇန်နဝါရီ (၁၃)ရက်တွင် နှိပ်စက် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၄ ရက်တွင်လည်း နေရပ်သို့ပြန်လည်သည့် PNLA တပ်ဖွဲ့ဝင် ၅ ဦးကိုလည်း PNO ပြည်သူ့စစ်မှ ဖမ်းဆီးနိတ်စက်ပြီး သတ်ဖြတ်ခဲ့ကြောင်းPNLA တပ်ဖွဲ့မှလည်း တိုက်ပွဲအတွင်း PNO ပြည်သူ့စစ်များတွင် ဗိုလ်မူးအဆင့်လည်းပါ စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးထားမိခြင်းများရှိသော်လည်း နိတ်စက်ခြင်း သတ်ဖြတ်ခြင်းများမပြုလုပ်ပဲ ကောင်းမွန်စွာကျွေးမွေးပြီး ပြန်လွတ်ပေးခဲ့ကြောင်း PNLA ရဲ့ထုတ်ပြန်ချက်အရ သိရသည်။
PNO တပ်ဖွဲ့အနေဖြင့် ဆီဆိုင်မြို့တွင် တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် ပတ်သက်သည်ဟုစွပ်စွဲကာ လူငယ်များအား ဖမ်းဆီးသတ်ဖြတ်ခြင်းများလည်းရှိပြီး ကြပ်မပြည့် စိတ်မနှံ့သည့်လူငယ်သည် PNO လက်မရွံ့တူဖြစ်သည့်အတွက် ပြန်လွတ်လာခြင်းရှိခဲ့ကြောင်း ထို့အပြင် ပရဟိတတက်ကြွလုပ်ရှားသူ နောင်ရင်းရွာသူကြီး ခွန်ဇာခွန်နှင့်အစ်ကိုဖြစ်သူအား သံသယရှိယုံဖြင့် ညင်းပန်းနိတ်စက် သတ်ဖြတ်ခြင်းများ ရှိခဲ့သလို စစ်သားကနေနားထားသည့် PNO တပ်ဖွဲ့ဝင်အချင်းချင်းလည်း စစ်မှုထမ်းထမ်းရန်ငြင်းဆန်သည့်အတွက် ပစ်သတ်ခြင်းများရှိခဲ့ကြောင်းသိရသည်။
PPV0011
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ဆီဆိုင်မြို့နယ်
#နောင်ထောဝ်ကျေးရွာ
#တောက်ရှေ့အုပ်စု
#ဗုံးကျဲတိုက်ခိုက်ခဲ့
#ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်
#PNLA