ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၄၊ ၂၀၂၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်တွင် ယခုနှစ် စတော်ဘယ်ရီသီးစျေးကောင်းရနေပြီး စိုက်ပျိုးသူ များလာကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ်တွင်အများဆုံး စိုက်ပျိုးသည့် စတော်ဘယ်ရီသီးသည် ထိုင်ဝမ်မျိုး အချိုသီး ၊ ဒေသမျိုး စသည်တို့ စိုက်ပျိုးရောင်းချကြောင်း သိရသည်။
“ အခု စတော်ဘယ်ရီသီး တစ်ပုံးကို တစ်သောင်းငါးထောင်ကျပ် ရောင်းတယ်။ ခြင်းသေးသေးလေး ဆိုရင် တစ်သောင်း နဲ့ တစ်သောင်း နှစ်ထောင် ရောင်းတယ်။ ၇၀၀၀ ကျပ် အထိ လျော့ပေးပါတယ်။ အခုနှစ် ရင်းနှီးကုန်ကျစရိတ် များတော့ စျေးနှုန်းက အရမ်း မြင့်တက်လာတယ်။ ထိုင်ဝမ်သီး ကရောင်းကောင်းပါတယ်။ လူကြိုက်များတယ်လေ။ ဒေသ မျိုးတွေလည်း ရောင်းအားကောင်းတယ်။ အရင်နှစ် ကတော့ ရွှေညောင်အထိ လမ်းဘေးတွေမှာ ရောင်းတာ အားပေးကြသူများတယ်။ ”ဟု ဟိုပုံးမြို့ရှိ စတော်ဘယ်ရီသီး ရောင်းသူ တစ်ဦးက ဆိုသည်။
စတော်ဘယ်ရီသီးကော်ပုံးဖြင့် တစ်ပုံးလျှင် တစ်သောင်းခွဲကျပ်၊ တစ်သောင်းငါးထောင်ကျပ် ရောင်းစျေး ရှိကာ ယခင် နှစ်များထက် စျေးနှုန်း မြင့်တက်လာနေကြောင်း သိရသည်။
တောင်ကြီးမြို့နယ် နှင့် ဟိုပုံးမြို့နယ် တို့တွင် စတော်ဘယ်ရီသီးကို အများအပြား စိုက်ပျိုးကြပြီး ၊ ချမ်းအေးသော ဆောင်းရာသီ အချိန်အခါ တွင် ခူးဆွတ်ရောင်း ချခြင်း ရှိကြောင်း သိရသည်။
ထို့ပြင် ဂျပန် မျိုးရင်း ဖြစ်သော ချိုမွှေး စတော်ဘယ်ရီသီး စျေးနှုန်းမှာ တစ်ပိဿာလျှင် ၂၃၀၀၀ ကျပ် ၊ နှစ်သောင်းသုံးထောင်ကျပ်၊ ၅ပိသာ တစ်ခြင်း ၁၀၅၀၀၀ ကျပ် ၊ တစ်သိန်းငါးထောင်ကျပ် ၊အထိ ပေါက်စျေး ရှိကြောင်း တောင်ကြီးစျေးကွက်တွင် ကြား သိရသည်။
ဟိုပုံးဒေသထွက် စတော်ဘယ်ရီ မျိုးရင်းမှာ နာမည်ကျော်ကြားပြီး လူကြိုက်များသဖြင့် မှာယူသူများ ပြား ကြောင်း သိရသည်။
#PPV-006
#စိုက်ပျိုးရေး
#စတော်ဘယ်ရီ
#shan