ခမ်းသားငေါဝ်း

ဇန်နဝါရီ ၁၄၊ ၂၀၂၅

စစ်ကောင်စီနှင့် အပစ်အခတ်ရပ်ပြီး တွေ့ဆုံဆွေးနွေးမှုကို မျှော်လင့်နေခဲ့သည့် TNLA သည် တအောင်းအမျိုးသားနေ့တွင် တိုင်းရင်းသား တော်လှန်းရေးတပ်ဖွဲ့များနှင့် ပူးပေါင်းပြီး စစ်ကောင်စီကိုအပြီးတိုင် ချေမှုန်းသွားမည်ဟု ထုတ်ပြန်ပြီးနောက် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ကို စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

TNLA ထိန်းချုပ်ထားပြီး ပြန်လည်စည်ကားလာနေသော ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့ကို စစ်ကောင်စီမှ ဇန်နဝါရီ(၁၃)ရက် ညနေအချိန်တွင် လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံထံက သိရသည်။

“လူသေဆုံးတာတော့ မရှိဘူး။ နတ်ရေကန်ဘက် ကျတယ်။ အဲ့နားမှာ ပိုက်လိုင်းလမ်းကြောင်း ရှိရာကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာ ဖြစ်မယ်” ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

ကျောက်မဲမြို့သည် ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်း စစ်ရှောင်ပြည်သူအများစု ပြန်လာပြီး TNLAမှ ပြန်လည်ထူထောင်ရေးလုပ်ဆောင်ကာ ပြန်လည်စည်ကားလာနေသည့် မြို့ဖြစ်ကြောင်း သိရသည်။

“စစ်ဘေးရှောင် အများစုလည်း ပြန်လာကြပြီ။ ဈေးမှာလည်း စည်းကား‌လာပြီ။ လေကြောင်း အန္တာရယ်ကို ကာကွယ်ဖို့ အိမ်တိုင်း အရင်ကတည်းက ဗုံးခိုကျင်းတွေ တူးထားတာရှိတယ်” ဟု ဒေသခံအမျိုးသမီးက ပြောသည်။

ယခု ကျောက်မဲမြို့ လေကြောင်းတိုက်ခိုက်တာနှင့် ပတ်သက်ပြီး TNLAမှ တစုံတရာ ထုတ်ပြန်ထားသည်ကို မတွေ့ရသေးပါ။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဇန်နဝါရီ(၈)ရက်နေ့တွင်လည်း TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ကို လေကြောင်းဖြင့် ဗုံး (၂၀)ကျော် တိုက်ခိုက်ခဲ့သည်။

PPV0011
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#အပစ်အခတ်ရပ်ပြီးတွေ့ဆုံဆွေးနွေးမှု
#မျှော်လင့်နေ
#TNLA
#တအောင်းအမျိုးသားနေ့
#တိုင်းရင်းသားတော်လှန်းရေးတပ်ဖွဲ့များ
#ကျောက်မဲမြို့
#လေကြောင်းဖြင့်ဗုံးကျဲတိုက်ခိုက်ခဲ့