ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၂၊ ၂၀၂၅

ဆီဆိုင်မြို့နယ် ဆိုက်ခေါင်တွင် PNLO/PNLA ကအခွန်ဆောင်ရန် စာပို့ထားခြင်းအား သွားရောက်ပေးဆောင်ခြင်းမပြုသည့်အတွက် လှုံခြုံရေးအား စိုးရိမ်နေရကြောင်း ဒေသခံထံကသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာတွင် ပအိုဝ်းအမျိုးသားရေလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLA က ဆိုက်ခေါင်ဈေးကော်မတီ ခွန်သန်းထူး၊ ခွန်လွန်း၊ သီးနှံပွဲရုံ ဖြားကျော်လှ၊ ပအိုဝ်းမိုးဒီဖုန်းဆိုင်တို့မှ ဇန်နဝါရီ ၅ ရက်နောက်ဆုံးထား လာရောက်ပေးဆောင်ရန် နာမည်တပ်ပြီး အသိပေးထားကြောင်း သိရသည်။

“သိရသလောက်တော့ အဲ့ဒီစာပို့ခံထားရတဲ့ သုံးစောင်စလုံး တစ်ယောက်မှသွားမပေးကြဘူး ဈေးကော်မတီကော်လုပ်ငန်းရှင်ကော်”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ဆိုက်ခေါင်ဈေးအခွန်အတွက်တစ်နှစ်စာ သိန်းတစ်ထောင်(၁၀၀၀) ကျပ်၊ သီးနှံပွဲရုံ ကတစ်နှစ်စာ သိန်းတစ်ရာ(၁၀၀)ကျပ်နှင့် ပအိုဝ်းမိုးဒီဖုန်းဆိုင်မှ တစ်နှစ်စာ သိန်းငါးဆယ်(၅၀) အား နောင်ထောဝ် ၂၀၉ တပ်ရင်းရုံးတွင် လာရောက်ပေးဆောင်ရန် အသိပေးထားကြောင်း သိရသည်။

“ကျမက ဈေးကော်မတီဝင်လည်းမဟုတ်ဘူး လုပ်ငန်းရှင်လည်းမဟုတ်ဘူး ဒါပေမယ့်သူတို့နေရာကိုယ်သာဆိုစဉ်းစားကြည့် သွားပေးရင် နီးရာဓားကြောက်ရတယ်လေ ဒီဘက်က PNO ဖြစ်ဖြစ် ဗမာစစ်သားကနေဖြစ်ဖြစ် သူပုန်အားပေးဆိုပြီးတော့ ဖမ်းဆီးတာတွေသတ်ဖြတ်တာတွေလုပ်ရင် ဘယ်လိုလုပ်မလဲ မပေးပြန်တော့လည်း ဟိုဘက်ကဘယ်နေ့လာဆွဲမလဲမသိဘူး စိုးရိမ်နေမှာပဲ လှုံခြုံရေးအတွက် ဘယ်အဖွဲ့မှမယုံရတဲ့အခြေနေမှာ ကိုယ်လိုငမွဲပဲကောင်းတယ်ပြောရမယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးကလည်း ဟုခမ်းသားငေါဝ်းကို ပြောသည်။

ထိုကိစစ္စနှင့်ပတ်သက်ပြီး PNLO/PNLA တာဝန်ရှိသူ ဗိုလ်မှူးကြီး အောင်မန်းက “ကျွန်တော်တို့ တော်လှန်ရေးမှာတော့ အခွန်ဆိုတာထက် တော်လှန်ရေးရန်ပုံငွေလို့ပဲ ပြောရမှာပေါ့လေ ဒါတွေက တော်လှန်ရေးအဖွဲ့အစည်းတိုင်းလုပ်ဆောင်နေတာတွေရှိတယ် ကျွန်တော်တို့အနေနဲ့လည်း လုပ်ဆောင်တာရှိတယ် အဲ့ဒီလိုလုပ်ဆောင်တဲ့နေရာမှာ ဗရမ်းဗတာလုပ်ဆောင်တာမျိုးမဟုတ်ဘူး ကျွန်တော်တို့မှာသတ်မှတ်ချက်တွေရှိတယ် သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေရှိတယ်” ဟု ပြောသည်။

နိုင်ငံတကာနှင့် မြန်မာနိုင်ငံရှိ တော်လှန်ရေးတပ်ဖွဲ့မှ တိုက်ပွဲဖြစ်စဥ်အတွင်း အလံဖြူထောင် လက်နက်နက်ချသည့် သုံ့ပန်းများအားပြန်လွတ်ပေးခြင်းမျိုးရှိသော်လည်း ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့နှင့်ပတ်သက်သည်ဟုစွပ်စွဲပြီး ဖမ်းဆီးသတ်ခံသည့်လူငယ်များရှိသလို နောင်ရင်းရွာသူကြီး ပအိုဝ်းအဆိုတော် ခွန်ဇာခွန်နှင့် အစ်ကိုဖြစ်သူလည်း သံသယဖြစ်ခံရုံနှင့် PNO တပ်ဖွဲ့ရဲ့ သတ်ဖြတ်ခံရပြီး တာဝန်ယူဖြေရှင်းပေးခြင်းမျိုး ဘယ်အဖွဲ့မှလည်း မရှိခဲ့ဖူးကြောင်းသိရသည်၊၊

ဆီဆိုင်မြို့နယ်တွင် PNLO/PNLA အပြင် PNO/PNA မှလည်း အကြောင်းအမျိုးမျိုးပြကာ အခွန်များ ဆက်ကြေးများတောင်းခံနေရသည့်အပြင် တပ်သားစုဆောင်းခြင်းများလည်း ရှိနေကြောင်း သိရသည်။

PPV001
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ဆိုင်မြို့နယ်
#ဆိုက်ခေါင်စံပြကျေးရွာ
#ပအိုဝ်းအမျိုးသားရေလွတ်မြောက်ရေးအဖွဲ့ချုပ် #PNLO/PNLA

You missed