ခမ်းသားငေါဝ်း
ဇန်နဝါရီလ ၁၀၊ ၂၀၂၅

စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်သည် အသက်မပြည့်သည့်ကလေးကို မူးယစ်ဆေးဝါးများ သုံးစေပြီးရှေ့တန်းပို့နေကြောင်း တော်လှန်ရေးရဲဘော် ပြောကြားချက်အရသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ရွေတစ်ဂူကျေးရွာရှိ စစ်ကောင်စီ နှင့် PNO ပြည်သူ့စစ် တပ်စခန်းကို ကရင်နီတပ်ပေါင်းစုက ဇန်နဝါရီလ ၉ ရက်နေ့နံနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ကလေးစစ်သား ၂ ဦးကိုဖမ်းမိခဲ့ခြင်းဖြစ်သည်။

” PNOခေါင်းဆောင်တွေက သူတော်ယောင်ဆောင်ပြီး အတော် ယုတ်မာကြတယ်၊ပဒေသရာဇ်ဆိုး ဆိုတာ ဒီလူတွေပဲ၊ အစပိုင်းသန္ဓေမမှန်တော့ လုံးဝ ဖေါက်ပြန်သွားပြီ ဒီကောင်တွေ လူထုနှင့်အမှန်တရားကို သိပ်အထင်သေးတာပဲ” ဟု တော်လှန်ရေးရဲဘော်တစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ပအိုဝ်းဒေသရှိ လူမျိုးပေါင်းစုံပြည်သူများအနေဖြင့်လည်း လစဥ် PNO ကိုငွေကြေးများအဆမတန်ပေးဆောင်နေရကြောင်း၊ ငွေမထည့်နိုင်လျှင် စစ်မှုထမ်းသွားရကြောင်းသိရသည်။

” စစ်အာဏာရှင်လက်ပါးစေ အဖွဲ့ရဲ့လုပ်ရပ်က ဥပဒေဆိုတာမရှိဘူး၊သူ့ဆရာတွေကဥပဒေကိုလက်နက်အားကိုးပြီးလိုရာဆွဲအာဏာသိမ်းခဲ့သေးတော့ဥပဒေ ဆိုတာ လူကြားအောင် ပြောတဲ့စကားပါပဲ၊ PNOကသူတို့ခေါင်း ဆောင်ပိုင်းတွေ ရပ်တည်ဖို့ အကျိုးစီးပွားကာကွယ်ဖို့ ပအိုဝ်းပြည်သူကို ချနင်းတာဘဲ ပအိုဝ်းလူထုက တစ်လကို သုံးသိန်း၊ ငါးသိန်း၊ ရှစ်သိန်းလောက် ငွေထည့်ရတယ်၊ ရှမ်းရွာ ဆိုရင် ရှစ်သိန်း၊ဆယ်သိန်း PNO ကိုပေးရတယ်၊ မထည့်မနေရ၊မထည့်ရင် လူထည့်ဘဲ၊ခုသွားတဲ့ကလေးတွေက မိဘ ငွေမထည့်နိုင်ကြဘူး သနားစရာတွေပါ” ဟု ၎င်း ကဆက်ပြောသည်။

အဆိုပါ ရွှေတစ်ဂူကျေးရွာရှိ PNO နှင့် စစ်ကောင်စီ တပ်စခန်းကိုသိမ်းပိုက်ရာတွင် တိုက်ပွဲအတွင်း PNOပြည် သူ့စစ်နှင့် စစ်ကောင်စီတပ်သား ၄၀ ခန့် သေဆုံးကာ လက်နက် ၃၀ လက်ခန့် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

နိုင်ငံတကာဥပဒေအရ ကလေးစစ်သားကို အဓိပ္ပါယ်ဖွင့်ဆိုရာတွင် တပ်သားသစ်စုဆောင်းခြင်း စစ်တပ်အတွင်း တာဝန်ထမ်းစေခြင်း ၊ အသက် ၁၈ နှစ်အောက်ဖြစ်နေခြင်း ၊ လက်နက်ကိုင်တပ်ဖွဲ့အတွင်း သို့မဟုတ် စစ်ပွဲအတွင်းပါဝင်စေခြင်း အစရှိသည့် သုံးမျိုးသည် ကလေးစစ်သားအဖြစ်သတ်မှတ်ကြသည်ဟုသိရသည်။

စစ်ကောင်စီသည် ၂၀၂၃ ခုနှစ်အတွင်း အသက် ၁၈ နှစ်အောက် ကလေးစစ်သား ၁၁၀၂ ဦးကို စစ်မှုထမ်းခိုင်းခဲ့ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့်လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အစီရင်ခံစာကို ၂၀၂၄ခုနှစ်၊ ဇွန်လ ၁၃ ရက်က ထုတ်ပြန်ခဲ့သည်။

 

#PPV 003
#Humanright
#ကလေးစစ်သား
#PNO
#Hsihseng

You missed