ခမ်းသားငေါဝ်း
ဇန်နဝဝါရီ ၉၊ ၂၀၂၅
မူဆယ်မြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ တစ်လအတွင်း ပိုင်ရှင်မဲ့ ရုပ်အလောင်း (၆)လောင်းတွေ့ရှိပြီး လုယက်ဓားပြတိုက်မှု (၃)ကြိမ် ဖြစ်ပွားခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ပြီးခဲ့သော ဒီဇင်ဘာလ (၉)ရက်တွင် ပိုင်ရှင်မဲ့ ရုပ်အလောင်း (၂)လောင်း၊ ဒီဇင်ဘာ (၁၂)ရက်မှ ရုပ်အလောင်း (၃)လောင်းနှင့် ဒီဇင်ဘာလ (၂၅) ရက်မှ ရုပ်အလောင်း (၁)လောင်း တွေ့ရှိခဲ့ပြီး အဆိုပါရုပ်အလောင်းများအားလုံးသည် မူးယစ်သုံးစွဲသူများဖြစ်ကြကြောင်းဆိုထားသည်။
ထို့အပြင် ဒီဇင်ဘာလ (၂၁)ရက်တွင် ဟိုမွန်ရပ်ကွက်ရှိ အလှပြင်ဆိုင်တစ်ဆိုင်သို့ အမျိုးသမီးတစ်ဦးမှ ခေါင်းလျှော်နေစဉ် အမည်မသိအမျိုးသားတစ်ဦးက ကားရွေ့ပေးမည်ဟုဆိုကာ ကားသော့တောင်းယူရာမှ ကားေမာင်းထွက်ပြေးသွားခဲ့ကြောင်းသိရသည်။
ထို့အတူ ဒီဇင်ဘာလ (၂၂)ရက်လည်း ပစ္စည်းသွားပို့သည့် အမျိုးသမီး (၂)ဦးသည် ရွှေသမင်ကုန်းအဆင်းနားရောက်စဉ် အမျိုးသား (၂)ဦးက ဆိုင်ကယ်ရပ်ခိုင်းပြီး သေနတ်ဖြင့် ခြိမ်းခြောက်ရာ ဆိုင်ကယ်လုယူသွားခဲ့ ပြီး ဒီဇင်ဘာလ ၂၅ရက်တွင်လည်း ကားစီးလာသည့် တရုတ်အမျိုးသား (၂)ဦးသည် ဈေးရောင်းသည့် အမျိုးသမီး (၁)ဦးထံ ဓားပြတိုက်ပြီး ငွေများယူဆောင်သွားခဲ့ကြောင်းထုတ်ပြန်ချက်တွင်ဆိုထားသည်။
စစ်ကောင်စီတပ်ထိန်းချုပ်ထားသည့် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင် လုယက်မှု၊ ဓားပြတိုက်မှု၊ ပြန်ပေးဆွဲမှုများ နေ့စဉ်နှင့်အမျှဖြစ်ပွားသော်လည်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့မှ ကျူးလွန်သူများကို ထိရောက်စွာအရေးယူခြင်း မရှိသေးကြောင်း သိရသည်။
PPV 003
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#မူဆယ်မြို့