ခမ်းသားငေါဝ်း

ဇန်နဝါရီ ၉၊ ၂၀၂၅

ရှမ်းပြည်နယ် တောင်ပိုင်း ကျေးသီးမြို့အကျော် ကောင်းလန်းဂိတ်တွင် ခရီးသည်ကားများကို စစ်ကောင်စီမှ အစစ်ဆေးကြမ်းနေသောကြောင့် ကားအစီးရေ(၃၀)ကျော် ပိတ်မိနေကြောင်း ကားဆရာထံစုံစမ်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမှ ရှမ်းပြည်နယ် မြောက်ပိုင်းလားရှိူး တန့်ယန်းသွားသည့် ခရီးသည်များမှာ ထောက်ခံစာပါရှိသော်လည်း မိုင်းရယ်ရဲစခန်းမှ ထောက်ခံစာပါရှိမှ ကားလွတ်ပေးမည်ဟု ကောင်းလန်းစစ်ကောင်စီဂိတ်မှ ပေးမဖြတ်သောကြောင့် အချို့ကားဆရာများ ပြန်လှည့်ပြီး မိုင်းနောင်-မိုင်းရှူးလမ်းသို့ ပြန်လည် လှည့်ပြန်လာကြရသည်။

“အရင်ကဆို ထောက်ခံစာပြရင် အဆင်ပြေတယ် အခုက တန့်ယန်သွားမယ်ပြောရင် မိုင်းရှူးလမ်းပြန်လှည့်ခိုင်းတယ်။ ပြန်လှည့်ဖို့က တော်တော်ဝေးနေပြီ ခရီးသွားသူများ သေချာစုံစမ်းပြီး သွားစေချင်တယ်” ဟု ရှမ်းမြောက်သွားသည့် ကားဆရာတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

လားရှိူးသို့သွားသည့် ကွင်းလမ်းအတိုင်း ပြန်သွားလည်း ရွာအထွက်မှာ နစကများက ဆက်လက်တိုးချဲ့ စောင့်ကြည့်‌နေကြောင်း သိရသည်။

စစ်ကောင်စီမှ ကားပေါ်ပါသည့် ခရီးသည်ပစ္စည်းများကို တစ်ခုချင်းစီ သေသေချာချာ စစ်ဆေးမှုတွေ လုပ်ဆောင်‌နေကြောင်း သိရသည်။

” ဆီပုံးသယ်ထားရင် ဘယ်ကိုသယ်သွားမလဲ။ ဘာလုပ်ဖို့လဲကအစ အသားကုန်ရစ်တာ။ ဆေးဝါးပစ္စည်းတွေဆို လုံးဝ သယ်ခွင့်မပြုဘူး” ဟု အဆိုပါကားဆရာက ထပ်မံပြောကြားသည်။

မြန်မာနိုင်ငံ ကုန်ဈေးနှုန်းမြင့်တက်လာသည်နှင့် အမျှ ရှမ်းတောင်မှ ရှမ်းမြောက်သွားသည့် ခရီးသည်များ ကားခလည်း မြင့်သထက်မြင့်လာကြောင်း သိရသည်။

“အခုက တောင်ကြီးကနေ ရှမ်းမြောက်သွားရင် ကားခက ၁ သိန်းခွဲကနေ ၃ သိန်းကြားရှိတယ်။ အခြေခံ လူတန်းစားအတွက် တလစာ လုပ်အားခက ကားခလောက်ပဲရှိတာ။ လမ်းမှာလည်း ‌ဘာကြေးတွေလည်း မသိဘူး ပေးရတာဆိုတော့ အဆင်မပြေဘူးရှင့်” ဟု ခရီးသည် အမျိုးသမီး တစ်ဦးလည်း ပြောသည်။

စစ်ကောင်စီမှ ယခင်က ဗထူးဂိတ်၊ ကောင်းလန်း၊ မိုင်းရယ်ဂိတ်တို့မှာ အစစ်ဆေးများပြီး ဖြတ်သန်းခွင့်တင်းကြပ်လိုက်‌သောကြောင့် ရှမ်းမြောက် တန့်ယန်းသို့သွားသည့် ကားအများစုက လမ်းကြမ်းသော်လည်း မိုင်းရှူးလမ်းဘက်က ဖြတ်သွားကြကြောင်း သိရသည်။

PPV0011
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ကျေးသီးမြို့အကျော်
#ကောင်းလန်းဂိတ်
#ခရီးသည်ကားများ
#အစစ်ဆေးကြမ်းနေ
#ကားဆရာ

You missed