ခမ်းသားငေါဝ်း
ဇန်နဝါရီ ၈၊၂၀၂၅

အင်းလေးတွင် ၃ လ ကျော် အတွင်း ရေ ၁၂ ပေ ကျော် ကျဆင်း၍ ဟဲယာရွာမတွင်သဲနုန်းများပေါ်သည့်အထိ အင်းလေးတွင်ရေခန်းခြောက်၍ စက်လှေများ သွားလာခက်ခဲကြောင်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ အင်းလေးကန် ရေကျနှုန်း မြန်ဆန်နေပြီး ဟဲယာရွာမ ကျေးရွာတွင် သဲနုန်းပေါ်ကာ စက်လှေများ သွားလာမရ ဖြစ်နေကြောင်းဇန်နဝါရီ ၇ ရက်က ဒေသခံများထံမှ သိရသည်။

“အခုက တစ်ရက် ကို ၃ လက်မလောက်ကျနေတယ်။ ဒီပုံစံအတိုင်းဆိုရင် မြန်မြန်လေးကုန်သွားလိမ့်မယ်။ ဌာန ဆိုင်ရာတွေ ရှက်တတ်ရင် ရှက်သင့်တယ်။ ဘာမှ မလုပ်တတ် မကိုင်တတ် အခုအတော်လေးဆိုးနေပြီ။ အင်းလေးမှာ ရေကျနှုန်းဆက် မထိန်းထားနိုင်ဘူးဆိုရင် နွေရာသီတောင် မရောက်သေးဘူး။ ရေခန်းတော့မယ်။” ဟု နန်းပန် ကျေးရွာဒေသခံ တစ်ဦးက ဆိုသည်။

ယခင် ဦးသိန်းစိန် အစိုးရ လက်ထက်ဝယ်ယူထားသော သိန်းပေါင်းလေးသောင်းကျော်တန် နုန်းစုပ်စက် ကိုလည်းတစ်ကြိမ်မျှ အသုံးပြုခြင်း မရှိသည့် အပြင် ရေကြီးနစ်မြုပ်စဉ်ကလည်း စက်ကို ရေနစ်မြုပ်ခဲ့သဖြင့် ကောင်းသေးလား ၊ ပျက်စီးလား မသိရကြောင်း ၎င်းက ဆိုသည်။

မိုင်းသောက် ကျေးရွာ ရှိ စက်လှေ မောင်းဆရာတစ်ဦး ကလည်း “အင်းတိန်ကို သွားစရာရှိတာ သွားလို့မရလို့ ကုန်းလမ်းကနေ သွားရတယ်။ အဲ့ဘက် ဘယ်လိုမှ မောင်းလို့ မရတော့ဘူး။ သဲနုန်းပေါ်နေလို့လေ။ နောက်ထပ် တစ်လလောက် ဆိုရင် တော်တော်လေး ရေခန်းသွားမယ်ထင်တယ်။ဟု ပြောသည်။

အင်းလေးကန် သည် နွေရာသီ ရောက်တိုင်း နှစ်စဉ် ရေခန်းခြောက်ခြင်း ပြဿနာ ကြုံတွေ့ရလေ့ ရှိပြီး၊ အင်းလေးကန် စိမ်းလန်းစိုပြေရေး အတွက် ဌာနဆိုင်ရာများကလည်း ဂရုစိုက် ပြုပြင်နိုင်ခြင်း မရှိသဖြင့် အခြေအနေ ပိုဆိုးလာနေကြောင်း သိရသည်။

ယခင် အရပ်သား အစိုးရလက်ထက်တွင် အင်းဝန်ကြီး ဒေါက်တာထွန်းလှိုင် ဦးဆောင်၍ လက်ရိုက်ဆည်များ တည်ဆောက်ခြင်းကြောင့် အင်းလေးကန် ရေကျခြင်းကို ထိန်းထားနိုင်ခြင်း ရှိသေးကြောင်း သိရသည်။

photo credit

#PPV-006
#အင်းလေး