ခမ်းသားငေါဝ်း

ဇန်နဝါရီ ၇၊ ၂၀၂၅

စစ်ကောင်စက ဇန်နဝါရီ (၄)ရက်နေ့ လွပ်လပ်ရေးနေ့တွင် ပြန်လွတ်ပေးလိုက်သည့် နိုင်ငံရေးအကျဉ်းသား အရေအတွက်အား လိမ်လည်ထုတ်ပြန်မှုကို ထင်ရှားစွာ မြင်တွေ့ရပြီး နိုင်ငံရေး အမြတ်ထုတ်နေခြင်းကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများက ဇန်နဝါရီ(၆)ရက်နေ့တွင် ထုတ်ပြန်သည်။

နိုင်ငံရေး အကျဉ်းသားဟောင်းများအနေဖြင့် စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပတ်သက်ပြီး မျက်ချေမပြတ် စောင့်ကြည့်ခဲ့ရာ နိုင်ငံတဝန်း စစ်ကောင်စီ၏ အကျဉ်းစခန်း (၄၂)ခုမှ လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသား အရေအတွက် (၃၀၀) ကျော်သာ ရှိသည်ကို ‌စီစစ်တွေ့ရှိခဲ့ကြောင်း ဆိုသည်။

စစ်ကောင်စီလက်အောက်ခံ သတင်းဌာနတွင် အကျဉ်းသား (၅၈၆၄)ဦးကို ပြန်လည် လွတ်ပေးလိုက်ကြောင်းနှင့် စစ်ကောင်စီ၏ သတင်းမှန် ပြန်ကြားရေး ဗိုလ်ချုပ်ဇော်မင်းထွန်းမှ လွတ်ပေးလိုက်သော အကျဉ်းသားများထဲတွင် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ ဖြင့် အကျဉ်းကျခံနေရသူ (၆၀၀)ကျော် ပါဝင်ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံရေး အကျဉ်းသားဟောင်းများကို နိုင်ငံရေးခြေနင်းခုံအဖြစ် ချနင်း၍ ပြည်သူလူထုနှင့် တကမ္ဘာလုံးကို လိမ်လည်ရန် ကြိုးစားသော စစ်ကောင်စီ၏ လုပ်ရပ်ကို နိုင်ငံရေး အကျဉ်းသားဟောင်းများ အနေဖြင့် ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွတ်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်တွင် တသက်တကျွန်း ပြစ်ဒဏ်ချမှတ်ခံနေရသူ အကျဉ်းသား အကျဉ်းသူ (၁၄၄)ဦးကို ထောင်ဒဏ်(၁၅)နှစ်သို့ ပြောင်းလဲကျခံရမည်ဟူသည့် ပြောဆိုမှုသည် မည်သည့် ပုဒ်မများဖြင့် ကျခံနေရသူများ ဖြစ်သည်ဟု မပါရှိသည့်အပြင် မည်သူများဖြစ်သည်ဟုပါ မပါရှိသည့်အတွက် ဆက်လက်စောင့်ကြည့်ပြီး အချက်အလက်ကို စီစစ်သွားဖို့ လိုအပ်ကြောင်း သက်ဆိုင်ရာ တော်လှန်ရေး အဖွဲ့အစည်း အသီးသီးကို အသိပေးထားသည်။

PPV0011