ခမ်းသားငေါဝ်း
ဇန်နဝါရီ ၇၊ ၂၀၂၅
ဆီဆိုင်မြို့နယ် ထီစုံရွာကျေးရွာတွင် စစ်ကောင်စီက ဒရုန်းဖြင့်မီးလောင်ဗုံးနှစ်လုံး ကြဲချခဲ့ရာ အိမ်နှစ်လုံးနှင့်ကားတစီး မီးလောင်ပျက်စီးသွားခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ တောင်ရှေ့ကျေးရွာအုပ်စု ထီစုံကျေးရွာကို ဇန်နဝါရီလ ၆ ရက်နေ့ မနက် ၉ နာရီအချိန်တွင် လွယ်ထွဲကျေးရွာ၌တပ်စွဲထားသည့် စစ်ကောင်စီတပ်သည်သည် ဒရုန်းဖြင့်မီးလောင်ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့သောကြောင့် နေအိမ်နှစ်လုံးနှင့် ကားတစ်စီး မီးလောင်ပျက်စီးသွားသည်။
” မနေ့ကဖြစ်စဥ်ကတော့ ပြည်သူကိုထိခိုက်သွားတာတော့မရှိဘူး အိမ်နှစ်လုံးနဲ့ကားတစ်စီးမီးလောင်သွားတယ်၊ စစ်ကောင်စီကဒရုန်းနဲ့မီးလောင်ဗုံး နှစ်လုံး ကြဲပြီးအိမ်ကိုမီးလောင်သွားတာနဲ့ ကျွန်တော်တို့သတင်းရပြီးနောက်ပိုင်း တခြားအိမ်ကိုမီးမကူးသွားအောင် ကျွန်တော်တို့ တပ်ဖွဲ့ကပဲ စွန့်စားပြီးမီးသွားငြိမ်းပေးခဲ့ပါတယ်” ဟု PNLA တာဝန်ရှိသူခွန်ရိန်းယံကခမ်းသားငေါဝ်းကိုပြောသည်။
စစ်ကောင်စီသည် နေ့စဥ်လိုလို ထီစုံကျေးရွာကို ဒရုန်း နှင့် လက်နက်ကြီးများ အသုံးပြုတိုက်ခိုက်ခြင်းကြောင့် ထီစုံကျေးရွာရှိ ပြည်သူလူထုနေအိမ် စုစုပေါင်း ၂၄ လုံးထိခိုက်ပျက်စီးခဲ့ရပြီ ဖြစ်ကြောင်းသိရသည်။
”လွယ်ထွဲမှာတပ်စွဲထားတဲ့စစ်ကောင်စီတပ်က နေ့တိုင်းလိုလို ထီစုံကျေးရွာကို ဒရုန်းနဲ့ဗုံးလာကြဲတယ်၊ ပြည်သူတွေလည်းရွာထဲမနေရဲကြတော့ဘူးပေါ့၊ အိမ်ခြေတစ်ရာကျော်ရှိတဲ့ထီစုံရွာမှာ စစ်ကောင်စီရဲ့ မီးလောင်ဗုံးတွေ၊ ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့တိုက်ခိုက်လို့ ပြည်သူနေအိမ် ၂၄ လုံးထိခိုက်ပျက်စီးခဲ့တယ်” ဟု ၎င်း ကဆက်ပြောသည်။
ယခုလိုတိုက်ပွဲဖြစ်ပွာခြင်းမရှိပဲ ပအိုဝ်းပြည်သူလူထုနေထိုင်သည့်ကျေးရွာကို တမင်သက်သက်ဖျက်ဆီးနေ့ခြင်းက အင်မတန်ကိုယုတ်ညံ့တဲ့ကိစ္စဖြစ်ကြောင်း ရာဇဝတ်မှုကျူးလွန်နေခြင်းဖြစ်ကြောင်း၎င်း ကဆိုသည်။
အဆိုပါထီစုံကျေးရွာသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်အပြင် PNLA တပ်ဖွဲ့မှ တပ်စွဲနေထိုင်ခြင်းမရှိသောကျေးရွာဖြစ်ကြောင်းသိရသည်။
PPV 003
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ဆိုင်မြို့နယ်
#တောင်ရှေ့ကျေးရွာအုပ်စု
#ထီစုံကျေးရွာ
#လွယ်ထွဲကျေးရွာ