ခမ်းသားငေါဝ်း
ဇန်နဝါရီ ၃၊ ၂၀၂၅
အောင်ပန်းတွင် တစ်ရက်တည်း ယာဥ်မတော်တဆမှု သုံးကြိမ်ဖြစ်ပွားခဲ့ကြောင်း နာရေးကူညီမှုအသင်းအောင်ပန်းထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်း-ပင်းတယသွားလမ်း လေးအိမ်ကုန်းရွာအနီးလမ်းမ၌ ဇန်နဝါရီလ ၂ ရက်နေ့ ညလေးနာရီခွဲ အချိန်တွင် Hijet ကားနှင့် ဆိုင်ကယ်တို့ တိုက်မိ၍ ခြေကျိုးဒဏ်ရာရ ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားကို အောင်ပန်းဆေးရုံအရေးပေါ်ငှာနသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
” ဆိုင်ကယ် နဲ့ ကားက မျက်နှာချင်းဆိုင်တိုက်မိတာ၊ ကျွန်တော်တို့ရောက်တဲ့ချိန်တော့ ဆိုင်ကယ်တစ်ခြားကားတစ်ခြားဖြစ်နေပြီ၊ ကားခေါင်းပိုင်းတော့တော်တော်ပျက်စီးသွားတယ်၊ ကားသမားတော့ ထိခိုက်ဒဏ်ရာ သိပ်မရဘူး၊ဆိုင်ကယ်မောင်းတဲ့လူတော့ ခြေကျိုးသွားလို့ ဆေးရုံတင်လိုက်ရတယ်” ဟု နာရေးကူညီမှုအသင်းအောင်ပန်း တာဝန်ရှိသူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
ထို့နေ့ ည ၆ နာရီခွဲကျော်အချိန်တွင်လည်း အောင်ပန်း-ပင်းတယသွားလမ်း Lucky 7 ဆီဆိုင်အနီး၌ ဆိုင်ကယ်နှစ်စီးတိုက်မိ၍ ဆိုင်ကယ်ယာဥ်မောင်းအမျိုးသမီး တစ်ဦး ခြေကျိုးသွားကြောင်းသိရသည်။
” အဲ့ည ၆ နာရီခွဲအချိန်လောက် ဆိုင်ကယ်နှစ်စီးထပ်တိုက်တယ်၊ အဲ့ဒါလည်းမျက်နှာချင်းဆိုင်တိုက်မိတာပဲ၊ တစ်ယောက်တော့ခြေကျိုးသွားတယ်၊ တစ်ယောက်တော့ ထိခိုက်ဒဏ်ရာအနည်းငယ်ရသွားတယ်၊ ခြေကျိုးလူနာအမျိုးသမီးကိုတော့ ကလောဆေးရုံကိုပို့လိုက်တယ်” ဟု ၎င်းကဆက်ပြောသည်။
ထို့အပြင် ထင်းရှူးကုန်းရွာတွင် ဆိုင်ကယ် မတော်တဆမှုထပ်မံဖြစ်ပွားခဲ့သော်လည်း ကိုယ်တိုင်သွားရောက်ခဲ့ခြင်းမရှိခဲ့သောကြောင့် ထိခိုက်မှုဖြစ်စဥ်ကိုမသိကြောင်း ၎င်း ကဆိုသည်။
အောင်ပန်းတွင် ယာဥ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားနေသောကြောင့် ယာဥ်မောင်းများ ဂရုစိုက်မောင်းနှင်ကြစေလိုကြောင်း နာရေးကူညီမှုအသင်းအောင်ပန်းက တိုက်တွန်းထားသည်။
#PPV 003
#မှုခင်း
#ယာဥ်မတော်တဆ
#အောင်ပန်း
ခမ်းသားငေါဝ်း Telegram
t.me/ppv21
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1 ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။