ခမ်းသားငေါဝ်း
ဇန်နဝါရီ ၃၊ ၂၀၂၅

စစ်ကောင်စီသည် အီလက်ထရွန်နစ် နည်းပညာအသုံးပြုပြီး အလွဲသုံးစားလုပ်ခြင်း၊ VPN ဝန်ဆောင်မှုပေးခြင်းနှင့် အွန်လိုင်းလောင်းကစား တည်ဆောက်ခြင်းများအတွက် ထောင်ဒဏ်နှင့် ငွေဒဏ် ချမှတ်နိုင်သည့် ဆိုက်ဘာလုံခြုံရေး ဥပဒေကို (၂၀၂၅)ခုနှစ် ဇန်နဝါရီလ (၁)ရက် နေ့မှာ အတည်ပြုပြဌာန်းလိုက်သည်။

အခန်း (၁၆)ခန်၊ ပုဒ်မ (၈၈)ခု ပါဝင်သော ဆိုက်ဘာလုံခြုံရေး ဥပဒေသည် လူထု၏ ကောင်းကျိုးထက် အသုံးပြုသူများအား ဖိနှိမ့်ရန် ရည်ရွယ်ချက်များနှင့် ရေးဆွဲထားသော ဥပဒေ တစ်ရပ်ဖြစ်နေကြောင်း မြန်မာအင်တာနက် ပ‌ရောဂျက် (MIP) ၏ ကနဦး လေ့လာသုံးသပ်ချက်အရ သိရသည်။

စစ်ကောင်စီသည် အာဏာသိမ်းကာလ တစ်လျှောက် ဒစ်ဂျစ်တယ် လွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခြင်းများအပေါ် ပြင်းထန်စွာ ဖိနှိပ်လာခဲ့သကဲ့သို့ ဆိုက်ဘာလုံခြုံရေး ဥပဒေတွင် ပြည်တွင်း အင်တာနက်သုံးစွဲသူများအပေါ် ပိုမိုပြင်းထန်သော စောင့်ကြည့်ဖိနှိပ်မှုများ လုပ်ဆောင်နိုင်သည့် အချက်အလက်များစွာ ပါဝင်နေကြောင်း သိရသည်။

ဆိုက်ဘာလုံခြုံရေး ဥပဒေတွင် ပြည်တွင်း အင်တာနက် သုံးစွဲသူများ သာမက ပြည်ပ ရောက်နိုင်ငံသားများကိုပါ ပုဒ်မ(၃) (ခ)အရ အရေးယူနိုင်ရန် ထည့်သွင်း ပြဌာန်းထားကြောင်း သိရသည်။

စစ်ကောင်စီသည် ဆိုက်ဘာလုံခြုံရေးဥပဒေ ပုဒ်မ (၄၄) တွင် အမျိုးသားဆိုက်ဘာနယ်အတွင်း ဗီပီအန်(VPN)ကို ထူထောင်ခြင်း သို့မဟုတ် (VPN) ဝန်ဆောင်မှု ပေးခြင်း ပြုလုပ်လိုသူသည် သတ်မှတ်ချက်နှင့်အညီ ဝန်ကြီးဌာန၏ ခွင့်ပြုချက်ကို ရယူရမည်ဟု ဖော်ပြထားသည်။

ထို ပြဌာန်းချက်အရ မကြာမီအချိန်အတွင်း ဆိုက်ဘာလုံခြုံရေး ဥပဒေအရ ခွင့်ပြုပေးထားသည့် ဗီပီအန်(VPN) ဝန်ဆောင်မှု လုပ်ငန်း ထွက်ပေါ်လာနိုင်ကြောင်း (IMP) က သုံးသပ်ထားသည်။

ထွက်ပေါ်လာသော ဗီပီအန်(VPN) ဝန်ဆောင်မှု လုပ်ငန်းသည် အသုံးပြုသူ၏ ကိုယ်ရေးအချက်အ လက် အပါအဝင် သုံးစွဲမှု မှတ်တမ်းများကို သိမ်းဆည်းထားပြီး အသုံးပြုသူ၏ ကိုယ်ရေး အချက်အလက်များကို ကာကွယ်ပေးနိုင်မှု လုံးဝမရှိနိုင်ကြောင်း လေ့လာသုံးသပ်ထားသည်။

စစ်ကောင်စီသည် ဆိုက်ဘာ လုံခြုံရေး ဥပဒေပုဒ်မ (၇၀)အရ ခွင့်ပြုချက်မရှိဘဲ ဗီပီအန်(VPN) ထူ‌ထောင်ပါက အနည်းဆုံး(၁)လ မှ အများဆုံး(၆) လ အထိ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်(၁၀)သိန်းမှ (၁၀၀)သိန်း အထိ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ကျခံရနိုင်သည်ဟု ပြဌာန်းချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ဆိုက်ဘာလုံခြုံရေး ဥပဒေပုဒ်မ(၇၂)တွင် အများပြည်သူ ကြည့်ရှုခြင်းဌာ မသင့်လျှော်သော သတင်းအချက်အလက်များကို အီလက်ထရောနစ် နည်းပညာဖြင့် ဖြန့်ချိခြင်း၊ ဖြန့်ဝေခြင်း၊ ပေးပို့ခြင်း၊ ကူးယူခြင်း ရောင်းချခြင်းများအတွက် ထောင်ဒဏ်အနည်းဆုံး တစ်လမှ ခြောက်လ၊ ငွေဒဏ် အနည်း ဆုံး (၁၀)သိန်း မှ သိန်း(၁၀၀)အပြင် ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်သည်ဟု ဖော်ပြထားသည်။

ထိုဖော်ပြချက်တွင် အများပြည်သူ ကြည့်ရှုခြင်းဌာ မသင့်လျှော်သော ဟူသည့် အသုံးအနှုန်းသည် တိကျသည့် ဖွင့်ဆိုချက် ဖော်ပြထားသည်ကို မတွေ့ရကြောင်းနှင့် ယဉ်ကျေးမှုမှသည့် နိုင်ငံရေး၊ လူမှုရေး ဆိုင်ရာ အခြေအနေများတွင် လိုသလို ဖွင့်ဆိုနိုင်သည့် ဖွင့်ဆိုချက် ဖြစ်နေသောကြောင့် အင်တာနက် သုံးစွဲသူများအတွက် အလွန် အန္တာရာယ်များသည့် ပုဒ်မ တစ်ခုဖြစ်နေကြောင်း (IMP)က သုံးသပ်ထားသည်။

ထို့အပြင် ပုဒ်မ (၆၀)၊ (၆၂)၊ (၆၄)၊ (၆၆)၊ (၈၆)၊ (၇၁)နှင့် (၇၂)သည် ရဲအရေးပိုင် ပုဒ်မများအဖြစ် ဖော်ပြထားကြောင်း၊ လိုင်စင်ရယူခြင်းမရှိဘဲ ဆိုက်ဘာလုံခြုံရေး ဆိုင်ရာလုပ်ငန်း ဆောင်ရွက်သူများသည် ရဲအရေးပိုင် ပုဒ်မများဖြင့် တရားစွဲခံရနိုင်ခြေ ရှိကြောင်း(IMP) အစီရင်ခံစာအရသိရ သည်။

#PPV0011
#Humanright
#ဆိုက်ဘာလုံခြုံရေးဥပဒေ
#VPN

ခမ်းသားငေါဝ်း Telegram
t.me/ppv21
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1 ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။