ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၊ ၂၀၂၅
သိန္နီမြို့ကို စစ်ကောင်စီတပ်မှ လေကြောင်းနှင့် ဗုံးကျဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သဖြင့် လူထိခိုက်မှု မရှိသော်လည်း နေအိမ်များ ပျက်စီးသွားကြောင်း ဇန်နဝါရီ(၂)ရက် ယနေ့တွင် စုံစမ်း သိရသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားသည့် သိန္နီမြို့ကို (၂၀၂၅)ခုနှစ်စဇန်နဝါရီလ (၁)ရက်နေ့ ညဖက် (၁၁)နာရီကျော် အချိန်တွင် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။
” ရှမ်းမြောက်ကို ညှိနှိုင်းမှု မအောင်မြင်ကတည်းက ဒီလိုကိစ္စ ပြန်ဖြစ်မှာကို တို့တွေက စိုးရိမ်နေကြတာ။ ထင်တဲ့အတိုင်းပဲ။ လူထိခိုက်မှုတော့ မရှိပေမဲ့ နေအိမ် (၄)လုံးတော့ ပျက်စီးသွားတာပေါ့” ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလထဲတွင် MNDAA နှင့် စစ်ကောင်စီတို့ တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် အပစ်အခတ် ရပ်ဆဲရေးအတွက် တရုတ်နိုင်ငံကူမင်းမြို့တွင် တွေ့ဆုံးဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုဆွေးနွေးညှိနှိုင်းမှုတွင် စစ်ကောင်စီဖက်မှ ကိုးကန့်တပ်ကို လားရှိုးမြို့မှ ပြန်လည် ဆုတ်ခွာပေးရန်နှင့် ဖမ်းဆီးထားသော စစ်ကောင်စီ ခေါင်းဆောင်များကို ပြန်လည်လွတ်ပေးရန် တောင်းဆိုမှုကို MNDAA ဖက်မှ ပယ်ချပြီး ဆွေးနွေးမှု မအောင်မြင်ခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ရှမ်းမြောက်ရှိ ဒေသခံများ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကို စိုးရိမ်သောကြောင့် ကြိုတင်ပြင်ဆင်မှုကို လုပ်ဆောင်နေကြောင်း သိရသည်။
စစ်ကောင်စီ၏ လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုကြောင့် (၂၀၂၄) ခုနှစ်အတွင်း အရပ်သား (၄၀၀၀)ကျော် သေဆုံးမှုရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)မှ ထုတ်ပြန်ထားသည်။
PPV0011
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ကိုးကန့်တပ်
#MNDAA
#သိန္နီမြို့ကို
#လေကြောင်းတိုက်ခိုက်မှု
#နေအိမ်ပျက်စီး
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။