ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၂၇၊ ၂၀၂၄

တခြားကုန်စျေးတက်ချိန် ပြည်မသီးများ ပေါ်လာသဖြင့် အင်းလေးဒေသထွက် ခရမ်းချဉ်သီး စျေးကျဆင်းလာပြီး တောင်သူများ အခက်ကြုံရကြောင်း အင်းလေးကန် ခရမ်းချဉ်သီး ကျွန်းမျော စိုက်တောင်သူများထံမှ သိရသည်။

ညောင်ရွှေမြို့နယ်တွင် လက်ကားစျေးဖြင့် ဒီဇင် ဘာလ ၂၆ ရက်က ခရမ်းချည်သီးတစ်ပိဿာလျှင် ၂၅၀၀-၃၀၀၀ ကျပ် အထိ စျေးနှုန်း ကျဆင်းလာသည်မှာ၂ ရက်ခန့်ရှိပြီ ဖြစ်ပြီး ဒီဇင်ဘာလ အစောပိုင်းတွင် တစ်ပိဿာ ၄၀၀၀ ကျပ် မှ စတင်၍ တဖြေးဖြေး စျေးနှုန်းကျဆင်းလာခြင်း ဖြစ်ကြောင်း သိရသည်။

” အခု စျေးကျတာ ၂ ရက်လောက် ရှိနေပြီ။ တစ်ပိဿာ ၂၅၀၀ ကျပ်တောင် မပေးချင်ဘူး။ ပြည်မသီးပေါ်ဦးပေါ်ဖျားဆိုတော့ စျေးကောင်းရတာလည်းပါတယ်။ ဒီဘက် အင်းသီးအဝယ်နည်းတယ်။ ဝယ်လက် ရှားလာတယ်။ အခုက အင်းလေးကန် အရင်က စိုက်ထားတဲ့ လက်ကျန် အခင်းတွေ လောက်ပဲ ရှိတာပေါ့။”ဟု မိုင်းသောက် မှ ခရမ်းချဉ်သီး ကျွန်းမျော တောင်သူက ဆိုသည်။

တောင်ကြီးမြို့တွင် ပြည်မ ခရမ်းချဉ်သီး တစ်ပိဿာ လျှင် ၉၀၀၀ ကျပ် ၊ ၈၀၀၀ ကျပ် အထိပေါက်စျေး ရှိပြီး ၊ စျေးကောင်း ရနေကြောင်း သိရသည်။

တောင်ကြီးမြို့ လက်လီစျေးတွင် အင်းလေးခရမ်း ချဉ်သီး တစ်ပိဿာလျှင် အသေး ၄၀၀၀ ကျပ် ၊ အကြီး ၆၀၀၀ ကျပ် ရောင်းစျေးရှိကြောင်း စျေးနေ့ တွင် ရောင်းချသော စျေးသည်ထံမှ သိရသည်။

အင်းလေးကန် အတွင်း ၂၀၂၄ ခုနှစ် စက်တင်ဘာလ ရေကြီး နစ်မြုပ်ခြင်း ၊ နောက်ဆက်တွဲ လေ ပြင်း တိုက်ခတ်ခြင်းကြောင့် ကျွန်းမျော စိုက်ခင်းများ အင်းလေးကန် အတွင်း လွင့်စင် ပျက်စီးခဲ့ကြရကာ တောင်သူများ ရှင်းလင်း ဆောင်ရွက်နေကြရပြီး ၊ ပြန်လည် စိုက်ပျိုးရန် အရင်းအနှီး အခက်အခဲ ရှိကြောင်း သိရသည်။

စိုက်ပျိုး ကုန်ကျစရိတ် မြင့်တက်နေသဖြင့် ခရမ်းချဉ်သီး စျေးနှုန်း ကျဆင်းခြင်းကြောင့် တောင်သူများ တွက်ခြေကိုက်မှု နည်းပါးကာ လာမည့် နှစ် စိုက်ရာသီတွင် ခရမ်းချဉ်သီး စိုက်ဧက လျော့နည်း နိုင်ကြောင်း တောင်သူများ ခန့်မှန်း ကြသည်။

#ppv006
#ခရမ်းချဉ်သီး
#အင်းသီး
#စျေးကျ

VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။