ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၂၃၊ ၂၀၂၄

ချင်းပြည်နယ် မင်းတပ်မြို့ကို ချင်းညီနောင်စစ်ဆင်ရေး (CB)အဖြစ် မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့ရာ မင်းတပ်မြို့အခြေစိုက် ခလရ-၂၇၄ တပ်ရင်းကို အပြီးတိုင် သိမ်းပိုက်နိုင်ခဲ့ပြီး မင်းတပ်မြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ပြီး ဖြစ်ကြောင်း ဒီဇင်ဘာ (၂၂)ရက်တွင် တရားဝင် ထုတ်ပြန်ထားသည်။

ချင်းညီနောင် တပ်ဖွဲ့သည် မဟာမိတ်အင်အားစုများနှင့် ပူးပေါင်းပြီး ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အမည်ဖြင့် မင်းတပ်မြို့နှင့် ဖမ်းလန်းမြို့ကို (၂၀၂၄) ခုနှစ်နိုဝင်ဘာ(၉) ရက်နေ့တွင် မြို့သိမ်းတိုက်ပွဲ စတင် ဖော်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ချင်းညီနောင် (CHIN BROCHERHOOD) ၏ ထုတ်ပြန်ချက်ထဲတွင် ” လက်ရှိတွင် မင်းတပ်မြို့နယ် တစ်ခုလုံးသည် စစ်ကောင်စီ ကင်းစင်သည့် မြို့နယ် တစ်ခု ဖြစ်လာပြီ ဖြစ်ကြောင်း” ဖော်ပြထားသည်။

မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ပြီး (၁)ကျော်အကြာမှာ မင်းတပ်မြို့အခြေစိုက် ခလရ-၂၇၄ ခြေလျင်တပ်ရင်းကို အပြီးတိုင် သိမ်းယူနိုင်ခြင်း ဖြစ်ကြောင်း သိရသည်။

မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဖြစ်ကြသည့် Yaw Defense Force (YDF)/ Yaw Army (YA)နှင့် အတူ ပြည်သူ့ကာကွယ်ရေး တပ်တော်၊ မုံရွာခရိုင်တပ်ရင်း(၃) တို့ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် အာရက္ခတပ်တော် (AA)က စစ်လက်နက်ခဲယမ်း၊ စစ်ကူအပြင် စစ်ရေးဆိုင်ရာ အကြံဉာဏ်နှင့် လိုအပ်သည့် အကူအညီများ ပံ့ပိုးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မင်းတပ်မြို့နယ်တွင် မတရားဖမ်းဆီး အကျည်းကျ ခံထားရသည့် နိုင်ငံရေးအကျည်းသား (၁၃)ဦးကိုလည်း AA၏ အကူအညီဖြင့် အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ချင်းညီနောင် တပ်ဖွဲ့သည် ချင်းပြည်နယ်ရှိ အခြားမြို့တွင် ကျန်ရှိနေသေးသည့် စစ်ကောင်စီ တပ်စခန်းများကို သိမ်းပိုက်နိုင်ရေးအတွက် မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ကတိပြု ပြောဆိုထားသည်။

PPV0011
ပုံ-အွန်လိုင်း
#စစ်ရေး
#ချင်းပြည်နယ်
#မင်းတပ်မြို့
#ချင်းညီနောင်စစ်ဆင်ရေး
#CB
#မြို့သိမ်းတိုက်ပွဲ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။