ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၂၁၊ ၂၀၂၄
မိုင်းနောင်မြို့နယ် ကျေးရွာများရှိ ရွာသားများကို တစ်ရက်(၅)ယောက် သတ်မှတ်ထားသည့် နေရာများသို့ အလှည့်ကျ ကင်းစောင့်ရန် SSPP/SSA က စာရင်းကောက်နေကြောင်းဒီဇင်ဘာ(၂၁)ရက်တွင် စုံစမ်းသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းနောင်မြို့နယ်ထဲတွင် RCSS/SSA ၏ မိုင်းထောင်မှုအန္တာရယ်နှင့် စစ်ကြောင်း ပြန်ထိုးလာမည့် အခြေအနေကို စောင့်ကြည့်ရန် SSPP/SSA က ရွာသားများကို အလှည့် ကျ ကင်းစောင့်ခိုင်းပြီး ထိုရက်မှာ သတ်မှတ်ထားသည့် ကင်းစောင့် နေရာအတွင်း မိုင်းကွဲမှု ရှိခဲ့လျှင် ကင်းစောင့် တာဝန်ကျသည့် ရွာသားက မဖြစ်မနေ SSPP/SSA တပ်သားလုပ်ရမည်ဟုခြိမ်းခြောက်ထားကြောင်း သိရသည်။
“ဘယ်လိုပဲ လုပ်လုပ် ငါတို့ရွာသားတွေပဲ နစ်နာတာ။ အလုပ်အကိုင် ပြတ်ထဲအထဲ ကင်းစောင့်တဲ့ရက် တစ်ခုခု ဖြစ်ရင်လည်း တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ အပြင် တပ်သားက မဖြစ်မနေ လုပ်ရပြန်အုံးမှာ” ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
လက်ရှိ မိုင်းနောင်မြို့နယ်ရှိ ကျေးရွာများတွင် ဒေသခံများက တောင်ယာလုပ်ငန်းသွားလျှင် စောပြန်လာကြရန်၊ ည(၉)နာရီနောက်ပိုင်း လမ်းပေါ် သွားလာမှု မပြုရန်၊ တောင်ယာညအိပ်မသွားရန်နှင့် တူမီးများ ကိုင်ဆောင်သွားလာခြင်းမပြုရန် SSPP က သတိပေးထားကြောင်း သိရသည်။
နောက်ထပ် ဒေသခံတစ်ဦးက”ဟုတ်တယ် အခုက ညမထွက်ဖို့တို့၊ တောင်ယာမ အိပ်ဖို့တို့ သတိပေးထားတာ ရှိတယ်။ ငါတို့လည်း လိုက်နာတာပဲ။ ငါတို့မှာ ကင်းစောင့်တဲ့ချိန် မိုင်းအန္တာရယ်လည်း ဘာမှနားမလည်ဘူး တခုခု ဖြစ်ခဲ့ရင်လည်း ငါတို့ခံရမှာ။ အကုန်လုံးက စိတ်သောက ရောက်နေကြတယ်” ဟု ပြောသည်။
SSPP/SSA တပ်ဖွဲ့ အနေဖြင့် သူတို့စီစဉ်ထားသည့် အရာအပေါ်တွင် ဒေသခံများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိပြီး မျှမျှတတ လုပ်ဆောင်ပေးရန် ၎င်းက မေတ္တာရပ်ခံထားသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး SSPP/SSA တာဝန်ရှိသူ ကိုခမ်းသားငေါဝ်းက ဆက်သွယ်မေးမြန်းရန်ကြိုးစား သော်လည်း အဆက်သွယ်မရရှိခဲ့ပါ။
SSPP/ SSA တပ်ဖွဲ့သည် ယခုနှစ်ထဲတွင် ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့နယ်ရှိ ရွာသားများကို ကင်းစောင့်ခိုင်းခြင်း၊ လမ်းပြခိုင်းခြင်းတို့ မကြာ ခဏပြုလုပ်ခိုင်းပြီး တပ်သားလုပ်ဆောင်ရန် မကြာခဏ စည်းရုံးမှုလည်း ရှိနေကြောင်း သိရသည်။
#PPV0011
#Humanright
#မိုင်းနောင်
#SSPP
#ကင်းစောင့်
VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။