ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၂၁၊၂၀၂၄
ရခိုင်ပြည်နယ် အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ)ကို အရက္ခတပ်တော် (AA)က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းနှင့် တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းတို့အား အရှင်ဖမ်းမိကြောင်း AAက ထုတ်ပြန်ထားသည်။
နပခအတွင်းရှိ လက်ကျန်နေရာအားလုံးကို AAက (၂)ပတ်ခန့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီအနေဖြင့်လည်း မရပ်မနားသောလေကြောင်း၊လက်နက်ကြီးပစ်ကူများအပြင် ရဟတ်ယာဥ်ဖြင့်စစ်ကူအင်အားများဖြည့်တင်းပေးနေ့သည့်ကြားက ဒီဇင်ဘာလ ၂၀ ရက်နေ့ နေ့လည် ၁၂ နာရီခန့်တွင် အလုံးစုံတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
အမ်းမြို့တစ်ခုလုံးကို ထိန်းချုပ်လိုက်ပြီးဖြစ်သောကြောင့် ရခိုင်ပြည်နယ် အမ်းမြို့သည် AA ထိန်းချုပ်ထားနိုင်ခဲ့သော ၁၄ မြို့မြောက်မြို့ဖြစ်လာခဲ့ကာ ယခင် AA သိမ်းပိုက်ထားသောမြို့ ၁၃ မြို့မှာ ပလက်ဝမြို့၊ပေါက်တောမြို့၊မင်းပြားမြို့၊ မြောက်ဦးမြို့၊ ကျောက်တော်မြို့၊မြေပုံမြို့၊ပုဏ္ဏားကျွန်းမြို့၊ ရမ်းဗြဲမြို့၊ ရသေ့တောင်မြို့၊ဘူးသီးတောင်မြို့၊ သံတွဲဲမြို့၊တောင်ကုတ်မြို့နှင့်မောင်တောမြို့တို့ဖြစ်ကြောင်းသိရသည်။
ထို့အပြင်လက်ရှိတွင်လည်း AA က ဂွမြို့ရှိ စစ်ကောင်စီစခန်းများကို ဆက်လက်ထိုးစစ်ဆင်နေလျက်ရှိပြီး မြို့၏ သုံးပုံနှစ်ပုံခန့်ကို သိမ်းပိုက်ရရှိထားပြီဖြစ်ကာ ဂွမြို့အပြီးသတ်သိမ်းပိုက်ပြီးပါက ရခိုင်ပြည်နယ်အတွင်း တွင် စစ်တွေ၊ကျောက်ဖြူ နှင့် မာန်အောင် ၃ မြို့သာသိမ်းပိုက်ရန်ကျန်တော့ကြောင်း AA ကထုတ်ပြန်ထားသည်။
#PPV003
#တိုက်ပွဲ
#AA
#ရခိုင်
#နပခ
VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။