ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၂၀၊၂၀၂၄

ရှမ်းမြောက်တွင် စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှု‌များကြောင့်နှစ်လအတွင်း အရပ်သား (၇၀) နီးပါး သေဆုံးခဲ့ရကြောင်းရှမ်းလူ့အခွင့်အရေး မဏ္ဌိုင်ထုတ်ပြန်ချက်အရသိရသည်။

စစ်ကောင်စီ၏ တိုက်ခိုက်မှု ပြုသည့် နေရာသည် တရုတ်နိုင်ငံမှ စီမံလျက်ရှိသည့် မူဆယ်-ကျောက် ဖြူ အမြန်ရထားလမ်း၏ မြောက်ပိုင်းတလျှောက်တွင် တည်ရှိသော မြို့များဖြစ်သည်။

“စစ်ကောင်စီက အဲ့ဒီလမ်းကြောင်းကို ရည်ရွယ်ပြီး တိုက်ခိုက်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့စကစတိုက်ခိုက်တဲ့ နေရာမှာတော့ အဲ့ဒီစီမံကိန်း ရှိနေတာမျိုး ဖြစ်တယ်ရှင့်” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဌိုင်မှ တာဝန်ရှိသူယိင်းလျန်းဟန်က ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းနှင့်လက်နက်ကြီးတိုက်ခိုက်မှုကြောင့်အောင်တိုဘာ (၉)ရက်နေ့မှ ဒီဇင်ဘာ( ၁၀)ရက်နေ့အတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မြို့နယ် (၉)ခုနှင့် မိုးကုတ်မြို့တို့တွင် အရပ် သား(၆၈)ဦး သေဆုံးပြီး(၁၃၆)ဦး ထိခိုက်မှုများ ရှိခဲ့သည်။

ထို့အပြင် စာသင်ကျောင်း၊ ဆေးရုံဆေးခန်း၊ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်း၊ ဈေးဆိုင်များနှင့် စက်ရုံအလုပ်ရုံများလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

ရှမ်းမြောက် ထိုဒေသသည် စစ်ကောင်စီ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က (၂၀၂၄)ခုနှစ် နိုဝင်ဘာ (၆)ရက်နေ့တွင် တရုတ်ဝန်ကြီးချုပ် Li Qiang နှင့်တွေ့ဆုံပြီး တရုတ်‌ ရေကာတာ စီမံကိန်း ကို စတင် အကောင်ထည်ဖော်နိုင်သည့် ဒေသအဖြစ် ကြေငြာထားသော နေရာဖြစ်ကြောင်း သိရသည်။

မူဆယ်မြို့နှင့် မန္တလေးမြို့ကို ဆက်သွယ်နိုင်မည့် (၄၀၉.၉၆) ကီလိုမီတာ ရှည်လျားသော မီးရထား လမ်းပိုင်းသည် အမေရိကန်ဒေါ်လာ (၈.၉)ဘီလံယံ ကုန်ကျမည် ဖြစ်ပြီး တံတား (၁၂၄)စင်း၊ လှိုဏ်ခေါင်း(၆၀)ခုနှင့် ဓာတ်အားပေး စက်ရုံခွဲ (၁၁)ခု ပါဝင်မည် ဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဌိုင်မှ နောက်ဆုံးရ လူ့အခွင့်အရေး ချိုးဖောက်မှု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို စက်ရုံခွဲသည် တရုတ်ကုမ္ပဏီအများစုက စီမံကိန်းချပြီး ဆောက်လုပ်ထားသော ရှမ်းမြောက်ရှိ ရွှေလီမြစ်၊ နမ္မတူမြစ်၊ မြစ်ငယ်မြစ်နှင့် သံလွင် မြစ်ပေါ်ရှိ တာတံမံများမှ ထုတ်လုပ်သော လျှပ်စစ်စွမ်းအင်ကို အသုံးပြုမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို တရုတ်၏ စီမံကိန်းရှိသော နေရာများ အပါအဝင် (၂)လ ကျော် အတွင်း စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ သီပေါ၊ မိုင်းရယ်၊ သိန္နီ၊ လားရှိုး၊ ကွမ်းလုံ၊ နောင်ချို၊ နမ့်ဆန်၊ ကွတ်ခိုင်၊ ကျောက်မဲနှင့် မန္တလေးတိုင်းဒေသကြီး မိုးကုတ် မြို့နယ်များတွင် အရပ်သားထိခိုက်သေဆုံးမှုစုစုပေါင်း (၂၀၀)ကျော်ရှိကြောင်း ဖော်ပြထားသည်။

“ပြည်သူတွေ အထိအခိုက်နည်းဖို့ လောလောဆယ်တော့ အိမ်မှာ ဗုံးခိုကျင်းတွေ တူးထားသင့်တယ်။ အရေးပေါ် ပြေးနိုင် ရှောင်နိုင်အောင် ပြင်ဆင်ထားသင့်တယ်။ သက်ဆိုင်ရာ မီဒီယာ၊ အဖွဲ့အစည်းတိုင်းကလည်း အရေးပေါ် သတိပေးချက်၊ ပြင်ဆင်ထားရမဲ့ဟာကို ထုတ်ပြန်ထားတာရှိတယ် အဲ့တာကို လိုက်နာဖို့လိုမယ်” ဟု ယိင်းလျန်ဟန် ဆက်ပြော သည်။

စစ်ကောင်စီ၏ (၂)လကျော်အတွင်း လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုသည် မြောက်ပိုင်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ထားသည့် နေရာဖြစ်ကာ တိုက်ပွဲဖြစ်ပွားနေခြင်း မရှိဘဲ စစ်ကောင်စီမှ တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

#PPV0011
#Humanright
#ရှမ်းမြောက်
#ရှမ်းလူ့အခွင်းအရေးမဏ္ဍိုင်
#တရုတ်စီမံကိန်း

VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။