ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၉၊ ၂၀၂၄
တရုတ်၏ ကြားဝင် စေ့စပ်မှုကြောင့် စစ်ကောင်စီနှင့် (MNDAA) တွေ့ဆုံဆွေးနွေးမှု မအောင်မြင်ခြင်းအပေါ် စစ်ကောင်စီမှ လေကြောင်း တိုက်ခိုက်မှု ပြန်စလာမည်ကို လားရှိုးဒေသခံများ စိုးရိမ်းမှုရှိနေကြောင်း ဒီဇင်ဘာ(၁၉)ရက်နေ့တွင် ဒေသခံထံကသိရသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ကို (MNDAA) မှ ပြီးခဲ့သည့် ဩဂုတ်လ(၃)ရက်မှာ တိုက်ခိုက် ထိန်းချုပ်နိုင်ခဲ့ပြီး လက်ရှိတွင် ပြန်လည်ထူထောင်ရေးကို အထိုက်အလျှောက် လုပ်ဆောင်နေကာ စစ်ကောင်စီနှင့် MNDAA တွေ့ဆုံးဆွေးနွေးမှု မအောင်မြင်ခြင်းနှင့် ပတ်သက်ပြီး ဒေသခံများ စိုးရိမ်မှု ရှိနေကြသည်။
” ငြိမ်နေတာကြာပြီ မနေ့က လေယာဉ်သံ ပြန်စကြားရတော့ သူသူငါငါ စိတ်ပူကြတယ်။ ဒီနေ့လည်း လေယာဉ်သံ တစ်ခေါက်ကြားရပြန်ရော။ ခံရဖူးသူဖြစ်တော့ သတိနဲ့နေနေရတာ။ ကြောက်စိတ်က လွှမ်းမိုးနေတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။
အခြေအနေက မည်သို့ ပြန်ဖြစ်မည်ကို မသိနိုင် သောကြောင့် ကျောင်းသားမိဘ တချို့ ယခုထိ ကလေးကျောင်း မအပ်ရဲကြသူများလည်း ရှိကြောင်း သိရသည်။
အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးကလည်း”ပြောနေကြတာက ဒီလူကတမျိုး ဟိုလူက တမျိုးဆိုတော့ အခုက ကလေး ကျောင်းထားမဲ့ ကိစ္စမှာလည်း မထားရဲသေးဘူး။ မဖြစ်ရင် ကောင်းတာပေါ့လေ ပြန်ဖြစ်ရင် ဒုက္ခရောက်မှာက ကိုယ်တိုင်ပဲ” ဟု ပြောသည်။
စစ်ကောင်စီနှင့် (MNDAA)သည် တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် တရုတ်နိုင်ငံ ကူမင်းမြို့တွင် ယခုလ ဒီဇင်ဘာ(၁၅)ရက်နှင့် (၁၆)ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စစ်ကောင်စီဘက်က MNDAA ထိန်းချုပ်ထားသော လားရှိုးမြို့မှ ကိုးကန့်တပ်များ ပြန်လည် ဆုတ်ခွာပေးရန်နှင့် ဖမ်းဆီးထားသော စစ်ကောင်စီ၏ အရာရှိများကို ပြန်လွတ်ပေးရန် တောင်းဆိုခဲ့ပြီး MNDAA ဘက်က လားရှိုးမြို့ကို အထူးဒေသ-(၁)ထဲ ထည့်ရန် တောင်းဆိုထားကြောင်းကို BBC သတင်းဌာနမှာ ဖော်ပြထားသည်။
PPV0011
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#တရုတ်ကြားဝင်စေ့စပ်မှု
#MNDAA
#တွေ့ဆုံဆွေးနွေးမှု
#မအောင်မြင်
#လေကြောင်းတိုက်ခိုက်မှု
#လားရှိုး
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။