ခမ်းသားငေါဝ်း

ဒီဇင်ဘာ ၁၈၊ ၂၀၂၄

တအောင်းဒေသတွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အလုပ်သင် ဗိုလ်သင်တန်း (Ta’ang Army Officer Training – TAOT) အပတ်စဉ် (၄) သင်တန်းဆင်းပွဲနှင့် အလုပ်သင် ဗိုလ်သင်တန်း အပတ်စဉ် (၅) သင်တန်းဖွင့်ပွဲကို ကျင်းပပြုလုပ်ကြောင်း ဒီဇင်ဘာ(၁၈)ရက်တွင် (TNLA)မှ ထုတ်ပြန်သည်။

ရှမ်းပြည်နယ် မြောက်ပိုင်း တအာင်းဒေသတွင်အပတ်စဉ် (၄) ဗိုလ်သင်တန်းကို သင်တန်းကာလ (၁၈)လ ကြာမြင့်ခဲ့ပြီး သင်တန်းသား(၁၃၂)ဦး တက်ရောက်ခဲ့ကြောင်း၊ ထိုသင်တန်းများထဲမှ (၁၂)ဦးသည် (၁၀၂၇) စစ်ဆင်ရေး ဒုတိယလှိုင်းတွင် တိုက်ပွဲအတွင်း အသက်ပေးလှူဒါန်းသွားခဲ့‌ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ထို့ကြောင့် သင်တန်းဆင်းပွဲတွင် သင်တန်းသား (၁၁၄) ဦး သင်တန်းဆင်းနိုင်ခဲ့ကာ အပတ်စဉ် (၅) တက်ရောက်မည့် အလုပ်သင် ဗိုလ်သင်တန်းသား (၁၃၅) ဦးဖြင့် သင်တန်းသစ်ဖွင့်လှစ်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

သင်တန်းဆင်းပွဲနှင့် ဖွင့်ပွဲကို တအာင်းဒေသ တစ်နေရာတွင် ဒီဇင်ဘာ(၁၅)ရက်နေ့က တပြိုင်နက်ထဲ ကျင်းပ ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

ဖွင့်ပွဲတွင် PSLF/TNLA ဥက္ကဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက”အလုပ်သင်ဗိုလ်သင်တန်းကျောင်းဆင်းများသည် လက်ရှိတအာင်းပြည်၏ စစ်ရေးနိုင်ငံရေးကို ကိုယ်တိုင်နှဖူးတွေ့ ဒူးတွေ့ ကြုံခဲ့ပြီဖြစ်သည့်အတွက်ကြောင့် စစ်ရေးတစ်ခုတည်းတင်မကဘဲ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် အခြားလုပ်ငန်း ဌာနများ၌ တာဝန်ထမ်းဆောင်ရာတွင် တအာင်းပြည်ကြီး ဖွံ့ဖြိုးတိုးတက်ပြီး သာယာဝပြောစေရန် ယခုသင်တန်းဆင်းသည့် အရာရှိများ၏ လက်ထဲတွင်ရှိကြောင်း မည်သည့်နေရာ ဌာနတွင်မဆို ကျရာတာဝန်ကို စနစ်တကျ တိုးတက်အောင်ဆောင်ရွက်ကြရန်” တိုက်တွန်းထားသည်။

ထို့အပြင် PSLF/TNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိုပလန်သည် သင်တန်းဆင်းပွဲအခမ်းအနားသို့ စစ်ရေးစီမံခန့်ခွဲမှု လုပ်ငန်းကိစ္စကြောင့် မတက်ရောက်နိုင်ခဲ့ဘဲ သဝဏ်လွှာပေးပို့ခဲ့ကြောင်း ဖော်ပြထားသည်။

သဝဏ်လွှာတွင် “ယနေ့သည် တအာင်းတမျိုးသားလုံးအတွက် အင်မတန် တန်ဖိုးကြီးသည့် ရက်ကောင်းရက်မြတ်ဖြစ်ကြောင်း၊ ၁၀၂၇ စစ်ဆင်ရေးအတွင်း အသက်ပေးလှူဒါန်းသွားသည့် အလုပ်သင်ဗိုလ် ကျောင်းသား (၁၂)ဦးအား အလေးပြုအပ်ကြောင်း၊ အပတ်စဉ်(၅) တက်ရောက်မည့် ကျောင်းသား(၁၃၅)ဦးကို ကြိုဆိုကြောင်း၊ တာဝန်ထမ်းဆောင်ကြသည့် အရာရှိအရာခံများသည် စစ်ရေး၊ နိုင်ငံရေးနှင့် အခြားအုပ်ချုပ်ရေးကဏ္ဍများကို တတ်ကျွမ်းရန် လိုအပ်ကြောင်း အဆိုပါ အရေးများ သိကျွမ်းနားလည်မှသာလျှင် မိဘပြည်သူများအား ကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်ကြောင်း” ဖော်ပြထားသည်။

အခမ်းအနားသို့ PSLF/TNLA ဥက္ကဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း၊ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်၊ စစ်ရေးချုပ် တားနောရိူန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ အရာအရှိ/အရာခံများ သင်တန်းသားများနှင့် ရပ်မိရပ်ဖများ စုစုပေါင်း လူဦးရေ(၇၀၀)ကျော် တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

PPV0011
ပုံ-TNLA
#စစ်ရေး
#တအောင်းဒေသ
#ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး
#PSLF
#TNLA
#အလုပ်သင်ဗိုလ်သင်တန်း
#Ta’ang Army Officer Training – TAOT
#သင်တန်းဆင်းပွဲ
#TNLA
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။