ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၉၊ ၂၀၂၄
စစ်ကောင်စီကာကွယ်ရေးဝန်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး တင်အောင်စန်းကို ကာကွယ် ရေးဝန်ကြီးရာထူးကနေဖယ်ရှားလိုက်ပြီး သူရဲ့နေရာကို ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) က ဗိုလ်ချုပ်ကြီး မောင်မောင်အေးကို ခန့်အပ်လိုက်တယ်လို့ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ စစ်ကောင်စီရဲ့ သတင်းကနေထုတ်ပြန်ထားကြောင်း သိရပါတယ်။
ဖယ်ရှားခံလိုက်ရတဲ့ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြီးခဲ့တဲ့နှစ် သြဂုတ်လကနေစပြီး ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံတာပဲဖြစ်ပြီး ၄င်းသည် ရေတပ်အရာရှိဘဝမှ ၂၀၂၁ခုနှစ် အာဏာသိမ်းပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ကနေ အခုလို ကာကွယ်ရေးဝန်ကြီးဖြစ်လာကာ စစ်ကောင်စီရဲ့ ဒုတိယဝန်ကြီးချုပ်ရာထူးလည်းရထားခဲ့ သူဖြစ်ပါတယ်။
သူရဲ့လက်ထက်မှာ စစ်ကောင်စီရဲ့အခြေစိုက်အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အပါအဝင် စိုးမိုးနယ်မြေ အများအပြား ဆုံးရှုံးခဲ့ရသလို လက်ရှိ ရခိုင်တပ် AA ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းကိုခံနေရပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ အခြေစိုက်ရာအမ်းမြို့ အပါအဝင် နယ်မြေအများအပြားကိုလည်း လက်လွှတ်ဆုံးရှုံးထားရပါတယ်။
ဒါအပြင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ကာကွယ်ရေးဝန်ကြီးအဖြစ်ကနေ ဖယ်ရှားခံရပေမယ့် စစ်ကောင်စီရဲ့ ဒုတိယ ဝန်ကြီးချုပ်ရာထူးမှာတော့ ဆက်လက်ရရှိထားမည်လို့လည်း စစ်တပ်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ရာထူးဖယ်ရှားခံရတဲ့ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ဝန်ကြီးချုပ်ရုံးဝန်ကြီးအဖြစ် ပြောင်းရွှေ့ တာဝန်ယူရမှာဖြစ်ပြီး အဲဒီရာထူးက အများအားဖြင့် စစ်ကောင်စီမှာ နေရာမပေးလိုတဲ့ ဗိုလ်ချုပ်တွေကို ရွှေ့ပြောင်းရာ နေရာဖြစ်ကြောင်းသိရပါတယ်။
လက်ရှိ စစ်ကောင်စီကာကွယ်ရေးဝန်ကြီးအသစ်က အသက် ၆၂ နှစ်အရွယ် ဗိုလ်ချုပ်ကြီး မောင်မောင်အေးဖြစ်ပြီး သူက စစ်ကောင်စီအဖွဲ့ဝင် ၁၈ ဦးထဲမှာ နံပတ် (၇) အဆင့်ရှိတဲ့ အရာရှိလည်းဖြစ်ပါတယ်။ သူက ၂၀၁၅ ခုနှစ်မှာ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်ဖြစ်လာခဲ့သလို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်ထက်မှာ ပုံမှန်ပြုလုပ်တဲ့ ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်းကြီးတွေကို ဦးစီးခဲ့သူလည်းဖြစ်ပါတယ်။
သူဟာ စစ်တက္ကသိုလ် အပတ်စဉ် ၂၅ ထွက်ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်မှာ ကစထ (၆) လက်အောက်ခံ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်လာသလို ၂၀၁၅ ခုနှစ်မှာလည်း တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်လည်းဖြစ်ခဲ့ပါတယ်။
အခု၂၀၂၁ အာဏာသိမ်းပြီးနောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဖြစ်ပြီး ယခု ၂၀၂၄ ခုနှစ်မှာတော့ ကာကွယ်ရေးဝန်ကြီးချုပ်ရာထူးပေးအပ်ခြင်းခံရသူပဲဖြစ်ပါတယ်။
PPV0010
ဓာတ်ပုံ-Crd
#စစ်ရေး
#စစ်ကောင်စီကာကွယ်ရေးဝန်ကြီး
#ဗိုလ်ချုပ်ကြီးတင်အောင်စန်း
#ကာကွယ်ရေးဝန်ကြီး
#ဗိုလ်ချုပ်ကြီးမောင်မောင်အေး
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။