ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၈၊ ၂၀၂၄

မိုင်းရှူးမြို့၊ အောက်မိုင်းရှူးတွင် လပြည့်နေ့က အလည်သွားကြသည့် လူငယ်(၂)ဦး ကြူလယ်ချောင်း၌ ရေဆင်းကူးရင်း ရေနစ်သေဆုံးသွားကြောင်း ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့ကြူလယ်ချောင်းတွင် ဒီဇင်ဘာ(၁၅)ရက်က အလည်သွားကြသည့် အသက် (၂၂) အမျိုးသားတစ်ဦးနှင့် အသက်(၂၈)နှစ် အရွယ်အမျိုးသား(၁)ဦးရေဆင်းကူးရင်း ရေနစ်သေဆုံးသွားသည်၊၊

“ရေနစ်နေတဲ့ သူငယ်ချင်းကို ကျန်တစ်ယောက်က သွားကယ်ရင်း နာရီဝက်လောက်ကြာတော့ တစ်ယောက်ကိုက အသေနဲ့ ပြန်တွေ့တာ သွားကယ်တဲ့တစ်ယောက်က ပြန်ပျောက်သွားတာ” ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

ပျောက်ဆုံးနေသော ကျန်အမျိုးသား တစ်ဦးကို ရွာခံများနှင့် ပရဟိတအဖွဲ့မှ ဝိုင်းဝန်းရှာဖွေရင်း ဒီဇင်ဘာလ(၁၆)ရက် ညနေပိုင်းတွင် အလောင်းကိုပြန်လည် ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

“အဲ့ချောင်းရဲ့ အခြေအနေကို ရွာခံတွေက ပိုသိတာ။ သူတို့ပြောတာ ပွဲထိုးပြီး ရှာရမယ် ပြောလို့ ပြောတဲ့အတိုင်းပဲ၊ (၁၅)ရက်မှာ တနေကုန်ဝိုင်းရှာပေမဲ့ (၁၆)ရက် ညနေပိုင်းမှ ပြန်တွေ့တာ” ဟု ၎င်းက ဆက်ပြောသည်။

မိုင်းရှူးမြို့ ကြူလယ်ချောင်း‌တွင် မကြာခဏ ရေနစ်သေဆုံးသည့် ဖြစ်စဉ်ရှိပြီး ဒေသအခေါ် (၃နှစ်တကြိမ်လူစားတဲ့ချောင်း) ဟု ခေါ်ကြကြောင်း သိရသည်။

“ကျွန်တော်တို့ ရွာခံတွေတောင် အရမ်းမချိုးရဲကြဘူး။ မကြာခဏပါပဲ လာချိုးတဲ့သူတွေ ရွာခံတွေပြောရင် ရေကူးတတ်တယ် မသေဘူးလို့ပဲ ခံပြောကြတယ်ဗျ”ဟု နောက်ထပ်ဒေသခံ အမျိုးသားလည်း ပြောသည်။

ရေနစ်သေဆုံးသွားသည့် အမျိုးသား(၂)ဦးသည် တောင်ပေါ် ဝမ်ကန်မှ ဆောက်လုပ်ရေးလုပ်ကိုင်သည့် ဦးမြင်အောင်၏သား အသက်(၂၂)နှစ်နှင့် ကျန်တစ်ယောက်မှာ မလှိုင်မြို့နယ်မှ အသက်(၂၈)နှစ် ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့တွင် ဟိုင်းပါရေတံခွန်၊ ဟိုင်းပုရေတံခွန် မိုင်းရှူးတောင်ပေါ် တိမ်ပင်လယ်၊ ကြူလည်ချောင်း တို့တွင် ယခုလို ဆောင်းတွင်းကာလမှာ အပန်းဖြေ အလည်သွားကြသူများပြီး ရေကူးရေကစားသူများ အနေဖြင့် ဘေးအန္တာရယ်မဖြစ်စေရန် ဂရုစိုက်ဖို့ လိုအပ်ကြောင်းသိရသည်။

PPV 0011
ပုံ-အွန်လိုင်း
#မှုခင်း
#မိုင်းရှူးမြို့
#အောက်မိုင်းရှူး
#အလည်သွား
#ကြူလယ်ချောင်း
#ရေဆင်းကူးရင်းရေနစ်သေဆုံး
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

You missed