ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၇၊ ၂၀၂၄
မိုင်းကိုင်မြို့နယ်တွင် SSPP/SSA ၏ ယာဥ်တန်းတစ်စီးနှင့် အရပ်သားကားတစ်စီးကို RCSS ဘက်က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း SSPP ကထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၊ တုံလောကျေးရွာအုပ်စု၊ တုံလောကျေးရွာနှင့် ပန်ကေတုကျေးရွာအကြား လွယ်လောတောင်လမ်းပေါ်၌ လှုပ်ရှားနေသည့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၏ စစ်ယာဉ်တန်းနှင့် အရပ်သားယာဉ်တစ်စီးကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)က ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းဆိုထားသည်။
မိုင်းဆွဲတိုက်ခိုက်မှုတွင် မိုင်း(၁၉)လုံးပေါက်ကွဲခဲ့ပြီး မပေါက်ကွဲသေးသည့် မိုင်း (၂)လုံးကိုလည်း SSPP တပ်ဖွဲ့ဝင်များက ရှာဖွေတွေ့ရှိခဲ့ကြောင်း ဆိုသည်။
မိုင်းဆွဲတိုက်ခိုက်ခြင်းကြောင့် SSPP/SSA စစ်ယာဥ်တစ်စီး မိုင်းစထိမှန်၍ အနည်းငယ် ပျက်စီးသွားခဲ့ပြီးနောက် (၁၀)မိနစ်အကြာတွင် ဒေသခံပြည်သူမောင်းနှင်လာသည့် ယာဉ်တစ်စီးကိုပါ RCSS က ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားပေါ်ပါမိသားစုဝင် (၃)ဦး မိုင်းစထိမှန်ကာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပြီး မော်တော်ယာဉ်လည်း မိုင်းစထိမှန်၍ ပျက်စီးသွားခဲ့ကြောင်း SSPP ကဆိုသည်။
မိုင်းစထိမှန် ပြီး ဒဏ်ရာရသည့်ပြည်သူများမှာ မိုင်းကိုင်မြို့နယ်၊ ဝမ်ဟွေလုံကျေးရွာအုပ်စုအတွင်း နောင်လျှော်ကျေးရွာနေ အသက်(၂၅)နှစ်ရှိ ဆရာမ နန်းလောဝ်ဟွမ်ဖွေး နှင့် ၎င်း၏ သမီးဖြစ်သူ အသက်(၁)ကျော်အရွယ်ရှိ နန်းအွန်ဖွေးဆိုင် အပါအဝင် သုံးလသားအရွယ် ကလေးငယ်တစ်ဦးတို့ ဖြစ်ကြောင်းသိရသည်။
ရှမ်းတပ် နှစ်ဖွဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲကြောင်းသဘောတူကြေညာချက်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ထုတ်ပြန်ထားခဲ့သော်လည်း RCSS တပ်ဖွဲ့မှ SSPP ၏တပ်စခန်းများ တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများကို တိုက်ခိုက်သတ်ဖြတ်ဖမ်းဆီးခြင်းများ လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း SSPP က ဆိုသည်။
SSPP/SSA အနေဖြင့် ရှမ်းတပ်ဖွဲ့နှစ်ဖွဲ့အကြား အပစ်ရပ်နိုင်ရေးအတွက် ဆွေးနွေးအဖြေရှာသောနည်းလမ်းကိုသာ လက်ကိုင်ပြုထားပြီး လက်တုံ့ပြန်တိုက်ခိုက်မှုကို မလွဲမရှောင်သာသည့်နောက်ဆုံးအခြေအနေရောက်မှသာ အသုံးပြုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
PPV 003
ပုံ-SSPP
#စစ်ရေး
#မိုင်းကိုင်မြို့နယ်
#တုံလောကျေးရွာအုပ်စု
#ပန်ကေတုကျေးရွာ
#လွယ်လောတောင်
#ရှမ်းပြည်တိုးတက်ရေးပါတီ
#SSPP
#ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ
#RCSS
#မိုင်းဆွဲတိုက်ခိုက်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။