ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၃၊ ၂၀၂၄
ရှမ်း- ကရင်နီ နယ်စပ်တွင် စစ်ကောင်စီမှ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာတွင် အဆိပ်ငွေ့ပြားများကို ထည့်သွင်း အသုံးပြုလာပြီဖြစ်ပြီး အထူးသတိပြုကြရန် (KNDF)မှ ဒီဇင်ဘာ(၁၃)ရက်ကအသိပေး ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ(၇)၊(၈)ရက်တို့က မိုးဗြဲမြို့ပြင်၌ အခြေစိုက်ထားသည့် စစ်ကောင်စီတပ် ခမရ(၄၂၂) တပ်မှ မြို့နှင့် ပတ်ဝန်းကျင်များ၌ ဒရုန်းဖြင့် ဗုံးကျဲရာတွင် S-PHOS (အက်စ်ဖော့စ်) တံဆိတ် (၅၆၀) အဆိပ်ငွေ့ပြားများ ထည့်သွင်း တိုက်ခိုက်ခဲ့သည်ကို စစ်ဆေး အတည်ပြုနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
ထိုအဆိပ်ငွေ့ပြားများ ထည့်သွင်းအသုံးပြုထားသော ဗုံးသီးကျရာအနီးမှာ ရှုရှိုက်မိသော အငွေ့ကြောင့် ရဲဘော်တချို့ မူးဝေခြင်း၊ ခေါင်းမူးခြင်း၊ အော့အန်လိုခြင်း၊ အိပ်ချင်လာခြင်း၊ ကိုယ်ခန္ဓာ မလန်းမဆန်းဖြစ်ခြင်းနှင့် အားပျက်ခြင်းစသည့် ဒဏ်ကို ခံစားခဲ့ရကြောင်း ထုတ်ပြန်ထားသည်။
အများပြည်သူ အနေဖြင့် မိမိပတ်ဝန်းကျင်တွင် ဒရုန်းများ ပျံဝဲခြင်း၊ တိုက်ခိုက်ခံရခြင်း နေရာများနှင့် အနီးတွင် ရှိနေခြင်းများ ဖြစ်လာပါက စူးစမ်းခြင်းမပြုလုပ်ရန်နှင့် သတိကြီးစွာ ထားပြီး လုံခြုံသောနေရာတွင် ပုန်းခိုပြီး ရှောင်ရှားကြရန် (KNDF)မှ အထူးသတိပေး ထားသည်။
ယခုအချိန်တွင် မိုးဗြဲ၊ ဖယ်ခုံနှင့် လွိုင်ကော် လမ်းမပေါ်တွင် စစ်ကောင်စီနှင့် တော်လှန်ရေး တပ်ဖွဲ့အကြား ထိတွေ့မှုများ ကြိုကြားဖြစ်ပွားနေပြီး စစ်ကောင်စီမှ ဒရုန်းဖြင့် အဆိပ်ငွေ့ထည့်သွင်း အသုံးပြု တိုက်ခိုက်လာနိုင်၍ အထူးသတိပြုကြရန် တိုက်တွန်း ထားသည်။
#PPV0011
#Humanright
#အဆိပ်ငွေ့ပြား
#စစ်ကောင်စီ
#ရှမ်းကယားနယ်စပ်
VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။