ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၄၊ ၂၀၂၄
ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင် စစ်ကောင်စီက အင်အားထပ်မံဖြည့်တင်းထားပြီး လက်နက်ကြီးနှင့် ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေဆဲ ဖြစ်ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ DPLA တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင် ဒီဇင်ဘာလ ပထမပါတ်အတွင်း နောင်ချို၊တောင်ခမ်း မြို့သို့ စစ်ကူပေးရန် တက်လာသည့် စစ်ကောင်စီတပ်နှင့် DPLA တို့ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ပြီးနောက် တိုက်ပွဲအတွင်းအထိနာသွားသည့် စစ်ကောင်စီတပ်သည် အင်အားထပ်မံဖြည့်တင်းထားပြီး လက်နက်ကြီးနှင့် ဒရုန်းများပါ ပစ်ခတ်တိုက်ခိုက်မှု ဆက်လက်ပြုလုပ်နေသည်။
” နောက်ပိုင်းကတော့ ထိတွေ့တိုက်ပွဲဖြစ်တာမျိုးမရှိသေးပါဘူး၊ စစ်ကောင်စီဖက်ကတော့ အင်အားထပ်ဖြည့်ထားတယ်၊ လက်နက်ကြီးပစ်တာ၊ ဒရုန်းဗုံးချတာတွေ ရှိပါတယ်” ဟု DPLA တာဝန်ရှိသူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
DPLA တပ်ဖွဲ့၏ ကြားဖြတ်ပိတ်ဆို့တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီသည် စစ်ကူပေးရန်သွားသည့် ကျောက်ဂူဒေသရှိ နယ်မြေခံတပ် နှင့် နောင်ချို မြို့သို့ ထိုးဖောက်ဝင်ရောက်နိုင်ရန်ခက်ခဲနေကြောင်းသိရသည်။
” ဒီဖက်မှာ ထိတွေ့မှုတွေဖြစ်နေတော့၊ နောင်ချိုဖက် စစ်ကူဖြည့်ဖို့ စစ်ကောင်စီဖက်က တော်တော်ခက်သွားတာမျိုးရှိတာပေါ့” ဟု ၎င်း ကဆက်ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ပထမပါတ်အတွင်းဖြစ်ပွားခဲ့သော ကျောက်ဂူတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၅၀ ကျော်သေဆုံးပြီး အများအပြားဒဏ်ရာရကာ လက်နက်ခဲယမ်းများလည်းသိမ်းဆည်းရမိခဲ့ကြောင်း DPLA ကထုတ်ပြန်ထားသည်။
#PPV 003
#DPLA
#တိုက်ပွဲ
#ကျောက်ဂူ
VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။