ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၂၊ ၂၀၂၄

ညောင်ရွှေမြို့နယ်၊ စံကားဒေသတွင် PNO ပြည်သူ့စစ်က ကားရှိသည့်ဒေသခံများအား ဆက်ကြေးကောက်ခံနေသည့်အတွက် ဒေသခံများအခက်အခဲဖြစ်နေရကြောင်း ဒီဇင်ဘာလ(၁၂)ရက်နေ့တွင် ဒေသခံတစ်ဦးထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားဒေသတွင် PNOပြည်သူ့စစ်က (၁၂)ပေကားတစ်စီးကို (၁)သိန်း၊ အိမ်စီးကား၊ ထော်လာဂျီများကို(၅)သောင်းစသဖြင့် ဆက်ကြေးကောက်ခံနေသည့်အတွက် ဒေသခံများအခက်အခဲဖြစ်နေရသည်။

“ဒီဘက်မှာရွာတိုင်း ကားရှိတဲ့လူအကုန်ပေးရတယ် သူတို့ဘာအတွက်နဲ့ လာကောက်တာလည်းတော့ မသိဘူး ကားအကြီးအသေးအလိုက်ပေါ့၊ ကားနှစ်စီးရှိတဲ့အိမ်ဆိုရင်တော့ တစ်စီးစာပဲပေးရတယ် တစ်ချို့ဆိုကားကဖြင့်ဝယ်တာမကြာသေးဘူး အခွန်ဆောင်နေရပြီ”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

စံကားဒေသတွင် PNOပြည်သူ့စစ်က ယခုလဆန်းပိုင်းလောက်မှ ကားရှိသည့် ပြည်သူများထံ ဆက်ကြေးကောက်ခံခဲ့ပြီး အချို့သောပြည်သူများက ငွေရေးကြေးရေးအဆင်မပြေသဖြင့် ထည့်ဝင်နိုင်ခြင်းမရှိသေးကြောင်း စံကားဒေသ၌ ကားရှိသူများထံဆက်ကြေးကောက်ခံခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

“ဒီနှစ်ပြောင်းဖူးရောင်းပြီးရင် ဒီဘက်လူတွေကတော်တော်များများကားဝယ်စီးကြမယ်ပြောတယ် တစ်ချို့ဆိုခြံရောင်းပြီးဝယ်တောင်ဝယ်ပြီ ကျွန်မတို့လည်းဝယ်မလို့ပဲရှိသေး ကားအခွန်ကောက်မဲ့သူကလာနေပြီ အဆင်ပြေလို့ဝယ်စီးတာမဟုတ်ဘူးလေနော် မတော်လို့စစ်ထပ်ရှောင်ရရင် လိုအပ်တဲ့ပစ္စည်းတွေစုံစုံလင်လင် သယ်သွားနိုင်ဖို့တွေးပြီးဝယ်ကြတာလေ အခုတော့ထည့်ပေးရပြီ နောက်ထပ်လည်းထပ်လာမလားမသိ”ဟု ၎င်းကဆက်ပြောသည်။

နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးက “ကျွန်တော်ဆိုခြံရောင်းပြီးကားဝယ်တာ တပတ်ကျော်ပဲရှိသေး အခုကကားရှိတဲ့လူအခွန်ဆောင်ရမယ်တဲ့ ဘာပြောရမှန်းတောင်မသိတော့ဘူး သူများကိုမနိုင်တော့ တိတ်တိတ်လေးထည့်ပေးရတာပေါ့”ဟု ခမ်းသားငေါဝ်းကိုပြောသည်။

စံကားဒေသတွင် ဇူလိုင်လဒုတိယပတ်၌ စစ်ကောင်စီ၊ လက်အောက်ခံ PNO ပြည်သူ့စစ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ဒေသခံများသည်လည်း တစ်ပတ်ကျော်ကြာ စစ်ဘေးတိမ်းရှောင်ခဲ့ရသေးသည်။

#PPV007
#လူ့အခွင့်အရေး
#ညောင်ရွှေမြို့နယ်
#စံကားဒေသ
#PNOပြည်သူ့စစ်
#ကားရှိသည့်ဒေသခံများ
#ဆက်ကြေးကောက်ခံ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

You missed