ခမ်သားငေါဝ်း
ဒီဇင်ဘာ ၁၁၊၂၀၂၄
ရှမ်းပြည်တောင်ပိုင်းတွင် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းဆန်ဈေးတက်နေပြီး၊ အဆမတန် စျေးနှုန်းများပိုမိုမြင့် တက်လာမည်ကို ပြည်သူများ စိုးရိမ်နေကြောင်း ကြားသိရသည်။
တောင်ကြီးတွင် ရွှေဘိုပေါ်ဆန်းမွှေး ထူးထူးရှယ် ထိပ်စ ၂၄ ပြည် တစ်အိတ်လျှင် ၁၉၀၀၀၀ ကျပ် ၊ ရွှေမိုးထွန်း ဆန်လတ်ကြီး ၂၄ ပြည် တစ်အိတ်လျှင် ၁၃၀၀၀၀ ကျပ် ၊ ရွှေမိုးထွန်း ဆန်ကျော်မွှေး ၂၄ ပြည် တစ်အိတ်လျှင် တစ်သိန်းခွဲကျပ် ၊ ပေါက်စျေး ရှိကြောင်း သိရသည်။
ထို့ပြင် ဒေသဆန်များ ဖြစ်သော ရွှေရင်အေး ရှမ်းဆန် ၂၄ ပြည် ပိဿာ ချိန် ၃၀ တစ်အိတ် လျှင် ၁၇၅၀၀၀ ကျပ် ၊ ရွှေအပ် တစ်အိတ် လျှင် ၁၅၅၀၀၀ ကျပ် အဖြစ် ပေါက်စျေး ရှိနေကြောင်း သိရသည်။
“အခုက လစာ ၂ သိန်းရရင်တောင် ဆန်ဖိုးပဲရှိသေးတယ်။ ကျန်တာ ဘာမှ ဝယ်လို့ မရဘူး။ စားဝတ်နေရေး က အင်မတန် ကို ခက်ခဲတဲ့ အခြေအနေ ရောက်လာတယ်။ တချို့တွေ မနက်စာ ၊ ညစာ ငတ်ကုန်ကြပြီ။ ရပ်ကွက် ထဲက စားဝတ်နေရေး ခက်ခဲနေတဲ့ လူတွေ ပိုပြီး များလာတယ်။ ကုန်စျေးနှုန်း တက်လို့ လစာတက်လား ဆိုတော့ မတက်ဘူး။ ဘယ်လိုမှ စားမလောက်တော့ဘူး။”ဟု တောင်ကြီးမြို့ ပြည်သူ တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ အတွင်း ရှမ်းပြည်နယ်တောင်ပိုင်းရှိ ညောင်ရွှေမြို့နယ် ၊ ပုံးအင်းဒေသနှင့် ဟိုပုံးမြို့နယ် တို့တွင် သီးနှံစိုက်ခင်းများ ၊ စပါးစိုက်ခင်းများစွာ ရေကြီးနစ်မြုပ် ပျက်စီးခြင်းကြောင့် မျိုးစပါးများကိုပါ ဆုံးရှုံးခဲ့ရကြောင်း တောင်သူများထံမှ သိရသည်။
အဆိုပါ ပျက်စီးခြင်းသည် ရှမ်းပြည်နယ်တောင်ပိုင်း ဒေသဝမ်းစာ၏ ၃ ပုံ ၁ ပုံခန့် ပျက်စီးမှု ရှိနိုင်ကြောင်း ညောင်ရွှေမြို့နယ်၊ အင်းလေးကန် ရှိ ကျွန်းမျော စိုက်တောင်သူတစ်ဦးက ခန့် မှန်းပြသည်။
ထို့ကြောင့် လာမည်နှစ်တွင် ဆန်ဈေးနှုန်းများ ထပ်မံ မြင့်တက်လာမည်ကို ဒေသခံများက စိုးရိမ်နေကြပြီး ဒီဇင်ဘာလ အစောပိုင်း အချိန်ထိ စားဖိုဆောင် သီးနှံ ကုန်ဈေးနှုန်းများ ဆက်လက် မြင့်တက်နေကြကြောင်းသိရသည်။
ပြည်တွင်းစား ဆန်များ၊ (ရွှေဘိုပေါ်ဆန်း/ ဧရာဝတီပေါ်ဆန်း) တို့ကို စားသုံးသူရေးရာဦးစီးဌာန၏ ရည်ညွှန်းဈေးများအတိုင်း ရောင်းဝယ်ရန်နှင့် ဆန်ဈေးကွက်ဈေးနှုန်းများ သင့်တင့်မျှတစေရေး အထူးအလေးပေး လိုက်နာဆောင်ရွက်ရန် နှိုးဆော်ချက် ကို ဒီဇင်ဘာလ ၄ ရက်တွင် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ထုတ်ပြန်ထားသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဆန်စျေးကို သုံးဆမြင့်တက်ခဲ့ပြီး ပြန်မကျသည့်အပြင် ဆက်တက်ရန်သာရှိကြောင်းသိရသည်။
ဆန်စက်လုပ်ငန်းရှင်များ၏ ပြောပြချက်အရ ဆန်စပါးသည် အစိုးရ၏ငယ်နိုင် ဖြစ်သဖြင့် ယခုနှစ် စပါး မလှောင်သင့်သေးကြောင်း ၊ အချိန်မရွေး ဈေးနှုန်းကို လုပ်ချင်သလို လုပ်နိုင်သဖြင့် သေချာ ရေရာမှု မရှိကြောင်း ၊ မျှော်လင့်ချက် နည်းသဖြင့် စပါးလှောင်ခြင်းကို အားမပေးကြောင်း အကြံပြုထားသည်။
#PPV-006
#ဆန်
#စျေးတက်
#ရှမ်းတောင်
#စပါး
VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။