ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၀၊ ၂၀၂၄
ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင် တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ၅၀ ကျော်သေဆုံးပြီး၊ လက်နက်ခဲယမ်း ၂၀ ကျော်သိမ်းဆည်းရမိခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ် DPLA က ဒီဇင်ဘာလ ၉ ရက်နေ့တွင်ထုတ်ပြန်ထားသည်။
နိုဝင်ဘာလ(၃၀)ရက်နေ့မှ စတင်၍ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပြီး ၁၀ ရက်တာကာလ အတွင်း စစ်ကောင်စီတပ်ဘက်မှ (၅၀)ကျော် ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
”တိုက်ပွဲက မနေ့နေ့လည်လောက်ထိ ဖြစ်နေတုန်းပဲ၊ အခုလောလောဆယ်တော့ ငြိမ်နေသေးတယ်” ဟု DPLA တာဝန်ရှိသူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၇ ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီဖက်က ဒရုန်းဖြင့်ဓာတုဗုံးအသုံးပြုတိုက်ခိုက်ခဲ့ခြင်းကြောင့် DPLA တပ်သားများ ဓာတုအဆိပ်သင့် မူးဝေအော့အန်ခြင်းများရှိခဲ့ကြောင်းသိရသည်။
” စစ်ကောင်စီက ဒရုန်းနဲ့ ဓာတုဗုံးကိုကျဲချတိုက်ခိုက်ခဲ့တယ်၊ သူကအငွေ့ပုံစံမျိုးပါ၊ ထိခိုက်သွားတဲ့တပ်သားတွေတော့၊ မူးဝေအော့အန်တာတွေဖြစ်သွားတယ်” ဟု ၎င်း ကဆက်ပြောသည်။
ပြည်သူများ အနေဖြင့် စစ်ကောင်စီတပ်နှင့် နီးစပ်ရာ နေရာများတွင်မနေရန်၊ဘေးကင်းလုံခြုံသည့် နေရာတွင်စစ်ရှောင်ကြပါရန်နှင့်လမ်းမကြီး၌ သွားလာလျှင် ကားမှန်တံခါး ဖွင့်သွားကြရန် DPLA ကမေတ္တာရပ်ခံထားသည်။
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) သည် ကျောက်ဂူဒေသတွင် စစ်ကောင်စီနယ်မြေခံတပ်များ ဖြစ်သည့် ကျောက်ဂူအမြောက်တပ် ( အမတ ၃၄၉)၊ နောင်ဝိုးတပ် (ခလရ ၂၉၂)နှင့် နောင်ချိုမြို့နယ် တောင်ခမ်းသို့ ရပ်စောက်ဘက်မှ စစ်ကူသွားသည့်စစ်ကောင်စီတပ်များနှင့်တိုက်ပွဲဖြစ်ပွားနေကြောင်းသိရသည်။
#PPV 003
#တိုက်ပွဲသတင်း
#ကျောက်ဂူ
#ရပ်စောက်
#DPLA
VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။