ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၁၊ ၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် ဒီဇင်ဘာလ အစောပိုင်းမှ စတင်၍ ဖုန်းလိုင်း၊ အင်တာနက်လိုင်း နှင့် လျှပ်စစ်မီး ပြတ်တောက်ခြင်း ပိုမိုဆိုးရွားလာ နေကြောင်း သိရသည်။

အင်တာနက် ဝိုင်ဖိုင် ကုမ္ပဏီများ၏ ကြိုးဖြင့် ကွန် ရက် ၀ိုင်ဖိုင်များ ပြတ်တောက်လျက်ရှိပြီး ၊ ရက်ပိုင်းအတွင်း လိုင်းပျက်မှု ပိုမိုဆိုးရွားလာသလို တယ်လီ ဖုန်းလိုင်းများလည်း အသံပြတ်တောင်းနေပြီး ၊ ဆက်သွယ်ရေး လိုင်းများကျဆင်းနေကြောင်း သိရသည်။

“ အင်တာနက် ၀ိုင်ဖိုင် ပြတ်တာ အရင်ညဘက် ဆိုရင် ပျက်သွားတယ်။ လုံး၀မရဘူး။ လိုင်းက Stable မဖြစ်ဘူး။ တက်လိုက်ကျလိုက် ဖြစ်နေတယ်။ vpn တွေလဲ ပြဿနာပိုများလာတယ်။ အရင် လစဉ် ကြေးနဲ့ဝယ် သုံးနေရတာတွေတောင် သုံးလို့မရတော့ဘူး။ ဖုန်းလိုင်းတွေလဲ ဆက်မရတာ ၂ ရက်လောက် ရှိပြီ။ အင်တာနက်ပြတ်တာတော့ တစ်ပတ်လောက် ရှိတော့မယ် ထင်တယ်။ လျှပ်စစ်မီးပျက်တာကတော့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ပြီးတဲ့ နောက်ပိုင်းကစပြီး လာချင်သလိုလာတော့တာပဲ။ ”ဟု တောင်ကြီး ဒေသခံတစ်ဦးက ပြောပြသည်။

ရှမ်းပြည်တောင်ပိုင်းတွင် လျှပ်စစ်မီး တစ်ရက်လျှင် ၂ နာရီမှ ၄ နာရီ အထိသာ မီးလာချိန်ရှိပြီး ၊ တောင်ကြီး၊ အေးသာယာ၊ ရွှေညောင် ၊ ညောင်ရွှေ ၊ အောင်ပန်း၊ ကလောမြို့များတွင်လည်း လျှပ်စစ်မီး ပြတ်တောက်မှုရှိနေသဖြင့် လုပ်ငန်းများ ခက်ခဲမှုရှိနေကြောင်းသိရသည်။

တောင်ကြီးမြို့နယ်တွင် လျှပ်စစ်မီး ပြတ်တောက်ချင်သလို ပြတ်တောက်နေကြပြီး တစ်ခါတစ်ရံ နာရီပေါင်း များစွာ ပြတ်နေတတ်ကြောင်းသိရသည်။

အေးသာယာ မြို့ခံ တစ်ဦးက “အေးသာယာမှာလည်း မီးမလာတာ ၂ ရက်လောက် ရှိနေပြီ။ အခုက နေ့စဉ် ရက်ဆက် မီးမလာတော့ ထမင်းဟင်း ချက်လို့လဲ မရဘူး။ အလုပ်လဲ မလုပ်ရဘူး။”ဟု ပြောသည်။

လျှပ်စစ်မီး ပြတ်တောက်ခြင်းကြောင့် စီးပွားရေး လုပ်ငန်းများ အခက်အခဲ များစွာ ကြုံတွေ့နေကြရပြီး၊ မီးစက် နှိုးကြရသဖြင့် လောင်စာဆီ ဖိုး ကုန်ကျစရိတ် ရှိကြောင်း သိရသည်။

မြို့ပေါ်တွင် လျှပ်စစ်မီး ပြတ်တောက်ခြင်းကြောင့် အခြေခံ လူတန်းစားများလည်း အခက်အခဲများစွာ ကြုံတွေ့လျက် ရှိကြောင်း သိရသည်။

#PPV-006
#ရှမ်းတောင်
#ဖုန်းလိုင်း၊အင်တာနက်လိုင်း
#လျှပ်စစ်မီးပြတ်တောက်

VPNအခက်အခဲကြောင့်သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။